ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အနည်းဆုံး လူပေါင်း ၁၁၄ ဦး သေဆုံးခဲ့ရတဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒဖော်ထုတ်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က အစိုးရရဲ့ အလုပ်အကိုင် ခွဲတမ်းအများစုကို ဇူလိုင် ၂၁ ရက်က ပယ်ဖျက်လိုက်ပါတယ်။
အောက်တရားရုံးအမိန့်ကို ပယ်ချပြီး ခွဲတမ်းစနစ်အဆုံးသတ်ဖို့ နဲ့အစိုးရအလုပ်တွေရဲ့ ၉၃ ရာခိုင်နှုန်းကို အရည်အချင်းပြည့်မီသူတွေအတွက် ဖွင့်ပေးသင့်တယ်လို့ တရားရုံးချုပ်ရဲ့ အယူခံဌာနက ညွှန်ကြားခဲ့တယ်လို့ ကျောင်းသားတွေရဲ့ ကိုယ်စားပြု ရှေ့နေ ရှား မွန်ဂျူရူလ် ဟိုကွီက ပြောပါတယ်။

ဆုံးဖြတ်ချက်ချပြီးနောက် တရားရုံးချုပ်နားက လမ်းတွေ ငြိမ်သက်သွားပြီး မြို့တော် ဒါကာတခွင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ချထားခဲ့ကြောင်း ရိုက်တာသတင်းထောက်တစ်ဦးက ပြောပါတယ်။
တရားရုံးချုပ် ဂိတ်အပြင်ဘက်မှာတော့ တင့်ကားတစ်စီး တပ်စွဲထားတယ်လို့လည်း သိရပါတယ်။
ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေရဲ့ဗဟိုဖြစ်တဲ့ ဒါကာမြို့ရဲ့ လမ်းတွေပေါ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေကြပြီး အစိုးရက ညမထွက်ရအမိန့်ကိုလည်း သက်တမ်းတိုးထားပါတယ်။