မကြာသေးခင် ရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒထုတ်ဖော်မှုတွေဟာ ကျောင်းသားထု အတွင်းသာမက နိုင်ငံတွင်းမှာ ပြဿနာတွေ ကျယ်ပြန့်လာတာကြောင့် ဖြစ်တယ်လို့ အဓိကအတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ BNP အထွေထွေအတွင်းရေးမှူး အစ္စလမ် အလမ်ဂီအာက ပြောပါတယ်။

ပြည်သူတွေဟာ နိုင်ငံရေးနဲ့ စီးပွားရေးအရ ဒုက္ခရောက်နေကြပြီး လူ့အဖွဲ့အစည်းတစ်ရပ်လုံး အုပ်ချုပ်ရေးမရှိသလို ဖြစ်နေတယ်လို့လည်း အလမ်ဂီအာက ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က စတင်ပြီး ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒ ထုတ်ဖော်မှုတွေ ဖြစ်ပွားခဲ့ရာက လူပေါင်း ၁၅၀ နီးပါး သေဆုံးခဲ့ပြီး ဒါကာနဲ့ စစ်တကောင်းမှာ လူ ၁၆၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲမှာ တိုက်ပွဲဝင်ခဲ့တဲ့ မိသားစုတွေလိုမျိုး လူတချို့အတွက် အစိုးရအလုပ်တွေရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးကို ခွဲတမ်းချထားပေးတဲ့စနစ် ပြန်ဖော်ဆောင်ဖို့ အထက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဆန္ဒထုတ်ဖော်သူတွေက ကန့်ကွက်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက အကြမ်းဖက်မှု တွေအတွက် အတိုက်အခံတွေကို အပြစ်ဖို့ခဲ့ပြီး အခြေအနေ ပြန်ကောင်းလာရင် ညမထွက်ရအမိန့် ရုပ်သိမ်းမယ်လို့ ပြောခဲ့ပါတယ်။
BNP ပါတီက အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်တာမရှိကြောင်း ငြင်းဆိုခဲ့ပြီး အစိုးရဟာ ပြဿနာ ကို အစောပိုင်းကတည်းက မဖြေရှင်းခဲ့ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။