ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုတ်သုန်မိုး အဆက်မပြတ်ရွာသွန်းတာကြောင့် ရေကြီးရေလျှံမှုတွေ နိုင်ငံတစ်ဝန်းဖြစ်ပေါ်ခဲ့ ရာမှာ လူ(၂)ယောက် သေဆုံးခဲ့ရပါတယ်။

နိုင်ငံတစ်ဝန်းမှာ ကြီးမားကျယ်ပြန့်တဲ့ ရေဘေးတစ်ရပ်ကို ရင်ဆိုင်ရလို့ နေအိမ်တွေ၊ အခြေခံအဆောက်အအုံတွေ ပျက်စီးပြီး လူဦးရေ (၃)သန်းလောက်ဟာလည်း အတိဒုက္ခ ရောက်နေရ တယ်လို့ ဘင်္ဂလားဒေ့ရှ် သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။
ဗီဒီယိုမှတ်တမ်းတွေမှာ ဖနီ၊ မိုလ်ဗီဘာဇားနဲ့ ဘရာမန်ဘာရီယာ ဒေသတွေမှာ ရေဖုံးလွှမ်းနေတာကို အခုလို တွေ့ရပြီး လမ်းတွေလည်း ဆိုးဆိုးရွားရွား ပျက်စီးကုန်လို့ လူပေါင်းများစွာ ရေတွေအလယ်မှာ သောင်တင်နေကြ ရပါတယ်။

ဒေသအတော်များများမှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကုန်လို့ ရပ်ရွာတွေဆီ ကယ်ဆယ်ရေး အကူအညီ ပေးပို့ရေးလုပ်ငန်းတွေကို အခက်တွေ့စေခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မိုးဆက်လက် ရွာသွန်းမှုနဲ့အတူ စိုးရိမ်ရေအမှတ်ဟာ နောက်ထပ် (၂၄) နာရီအတွင်း ဆက်လက်မြင့်တက်နိုင်တာကြောင့် ရေကြီးရေလျှံမှု အန္တရာယ်တွေကို ပြည်သူတွေအနေနဲ့ သတိထားကြဖို့လည်း ဘင်္ဂလားဒေ့ရှ် ရေဘေး ကြိုတင် ခန့်မှန်းရေးနဲ့ သတိပေးရေးစင်တာက ထုတ်ပြန်ထားပါတယ်။