ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမားနဲ့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်းစကီးတို့ဟာ မတ်လ ၁ ရက်နေ့ ညနေပိုင်းမှာ လန်ဒန်မြို့က ဒေါင်းနင်းလမ်းမှာ တွေ့ဆုံခဲ့ပါတယ်။ကီယာစတားမားက ဇင်လင်းစကီးကို ရင်းရင်းနှီးနှီးပဲ ကြိုဆိုခဲ့ပြီး ဗြိတိန်တစ်နိုင်ငံလုံး ယူကရိန်းကို ထောက်ခံနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဇယ်လင်းစကီးကလည်း ဗြိတိန်လို မိတ်ဆွေမျိုး ရှိနေတဲ့အတွက် ဝမ်းသာရတယ်လို့ ကီယာစတားမားကို ပြောပါတယ်။ယူကရိန်းသမ္မတ ဇယ်လင်းစကီးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ဒုသမ္မတ ဂျေဒီဗန့်စ်တို့ရဲ့ အိမ်ဖြူတော် စကားအချေအတင်ပွဲအပြီး ၂၄ နာရီဝန်းကျင်အကြာမှာ ဇယ်လင်းစကီးဟာ ကီယာစတားမားနဲ့ ထပ်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။အိမ်ဖြူတော် တွေ့ဆုံမှုအပြီးမှာ ဗြိတိန်ဝန်ကြီးချုပ်က ဒေါ်နယ်ထရမ့်နဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့နဲ့ ဆက်သွယ် စကားပြောဆိုခဲ့ပါသေးတယ်။

ယူကရိန်းအတွက် စစ်ဘက်အထောက်အပံ့အဖြစ် စတာလင်ပေါင် ၂ ဒသမ ၂၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၄ ဘီလီယံ) ချေးငွေ သဘောတူညီချက်ကိုလည်း ဗြိတိန်နဲ့ ယူကရိန်း နှစ်နိုင်ငံကြား လက်မှတ်ထိုးခဲ့ပြီး ဒီချေးငွေကို ပြည်ပမှာရှိတဲ့ ကန့်သတ်ထိန်းချုပ်ခံထားရတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကနေ ပြန်ဆပ်ရမယ်လို့ သိရပါတယ်။ယူကရိန်းသမ္မတ ဇယ်လင်းစကီးဟာ ဒီနေ့ မတ်လ ၂ ရက်မှာ ချားလ်ဘုရင် ၃ နဲ့လည်း တွေ့ဆုံဖို့ရှိပြီး ဗြိတိန်ဝန်ကြီးချုပ်ကတော့ ယူကရိန်းကို ဆက်ထောက်ပံ့ရေးနဲ့ စစ်ပွဲရပ်တန့်နိုင်ရေးအတွက် ဥရောပခေါင်းဆောင်တွေနဲ့ လန်ဒန်မှာ အစည်းအဝေးလုပ်ဖို့ စီစဉ်ထားပါတယ်။