ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် အက်ဒ်မွန်ဒို ဂွန်ဇာလက်ကို လျှို့ဝှက်ပူးပေါင်းကြံစည်မှုနဲ့ တခြားရာဇဝတ်မှု စွဲချက်တွေအတွက် တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့ ဗင်နီဇွဲလား ရှေ့နေချုပ်ရုံးက စက်တင်ဘာ ၂ ရက်က ပြောပါတယ်။

ဇူလိုင်လ ရွေးကောက်ပွဲမှာ ဂွန်ဇာလက် ဒါမှမဟုတ် သမ္မတ နီကိုလပ်စ် မာဒူရို အနိုင်ရရှိကြောင်း အပြန်အလှန် အငြင်းပွားနေကြချိန်မှာ ဂွန်ဇာလက်ကို ဖမ်းဝရမ်းထုတ်လိုက်တာပါ။

ရှေ့နေချုပ် တာရက်ဆာ့ဘ်က Telegram အက်ပ်ကတစ်ဆင့် ဖမ်းဝရမ်းဓာတ်ပုံကို ရိုက်တာသတင်းဌာနဆီ မျှဝေခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံရဲ့ အမျိုးသား ရွေးကောက်ပွဲကော်မရှင်နဲ့ ထိပ်တန်းတရားရုံးက ဇူလိုင် ၂၈ ရက် ရွေးကောက်ပွဲမှာ မာဒူရိုက ထောက်ခံ မဲ ထက်ဝက်ကျော်နဲ့ အနိုင်ရခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အတိုက်အခံတွေ မျှဝေထားတဲ့ ကိန်းဂဏန်းတွေအရ ဂွန်ဇာလက်ဇ်က အောင်ပွဲခံကြောင်း ပြသနေပါတယ်။ ကော်မရှင်ကထုတ်ပြန်တဲ့ မဲရလဒ်တွေဟာ ပွင့်လင်းမြင် သာမှု မရှိဘူးလို့ အတိုက်အခံတွေ၊ အနောက်နိုင်ငံတချို့နဲ့ ကုလသမဂ္ဂ ကျွမ်းကျင်သူများအဖွဲ့လို နိုင်ငံတကာ အဖွဲ့ အစည်းတွေက ပြောကြပါတယ်။
လိမ်လည်မှုတချို့ ရှိခဲ့တာကို ပြတ်ပြတ်သားသား ရှုတ်ချပြီး မဲရလဒ် အပြည့်အစုံ ထုတ်ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။

သူတို့မှာ ပြစ်မှုကျူးလွန်ထားတာ မရှိဘူးလို့ အတိုက်အခံတွေဘက်က ပြောထားသလို ဂွန်ဇာလက်ရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ဖမ်းဝရမ်းထုတ်လိုက်တဲ့ အကြောင်းကြားစာကို စောင့်မျှော်နေတယ်လို့ ပြောပေမယ့် မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပါဘူး။