ဒိုမီနီကန်သမ္မတနိုင်ငံမှာ ရောက်ရှိနေတဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုရဲ့လေယာဉ်ကို အမေရိကန်နိုင်ငံက သိမ်းဆည်း လိုက်ပြီး အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို မောင်းနှင်ယူဆောင်သွားခဲ့ပါတယ်။

အဲဒီလေယာဉ် ဝယ်ယူမှု ဟာ ဗင်နီဇွဲလားအပေါ် အမေရိကန်က ချမျတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်ခဲ့တယ်လို့ အမေရိကန် တရားရေးဌာနက တနင်္လာနေ့မှာ ပြောပါတယ်။
လေယာဉ်သိမ်းဆည်းမှုဟာ ဇူလိုင်(၂၈)ရက် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မာဒူရိုအပေါ်မှာ ပြည်တွင်းပြည်ပ ဖိအားတွေ ဆက်လက် မြင့်တက်နေချိန်မှာ ပေါ်ပေါက်လာတာပါ။ အဲဒီ Dassault Falcon 900EX (ဒတ်ဆော့လ်တ် ဖော်လ်ကွန် နိုင်းဟမ်ဒရက် အီအိတ်စ်) အမျိုးအစား လေယာဉ် ဟာ မာဒူရိုနဲ့ သူ့ရဲ့စီးပွားဖက် ခရိုနီတွေ အသုံးပြုဖို့ ဟန်ပြကုမ္ပဏီတစ်ခု ကနေတစ်ဆင့် ဒေါ်လာ ၁၃ သန်းနဲ့ ဝယ် ယူပြီး အမေရိကန်ကနေ တရားမဝင် ခိုးထုတ်သွားခဲ့တဲ့ လေယာဉ်လို့ အမေရိကန် ရှေ့နေချုပ် မားရစ် ဂါလန်း(ဒ်) က ပြောပါတယ်။
လေယာဉ်သိမ်းဆည်းမှုကို ဒိုမီနီကန်တာဝန်ရှိသူတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့တာ လို့လည်း အမေရိကန် တာဝန်ရှိသူတွေဘက်က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒိုမီနီကန်နိုင်ငံခြားရေးဝန်ကြီး ကလည်း မာဒူရို အသုံးပြုတဲ့ လေယာဉ်ကို ရာဇဝတ်မှု စုံစမ်း စစ်ဆေးမှုလုပ်ဖို့အတွက် ရပ်တန့်ထားပေးဖို့ အမေရိ ကန်က ပန်ကြားလာခဲ့တယ်လို့ အတည်ပြု ပြောဆိုပါတယ်။

အဲဒီလေယာဉ်ဟာ ဒိုမီနီကန်နိုင်ငံက အလုပ်ရုံတစ်ခု မှာ ပြင်ဆင်ထိန်းသိမ်းမှုတွေလုပ်ဖို့ ရှိနေခဲ့တာလို့ ဒိုမီနီကန် သမ္မတ လူး၀စ္စ အဘီနေဒါ က သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။
ဗင်နီဇွဲလား သမ္မတ မာဒူရိုနဲ့ သူနဲ့ပတ်သက်ဆက်နွှယ်သူတွေ အပါအဝင် ဗင်နီဇွဲလားနိုင်ငံရဲ့ ရေနံ ကဏ္ဍဟာ တင်းကျပ်ပြင်းထန်တဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ရင်ဆိုင်နေရတာပါ။
ဒါ့အပြင် ကျင်းပပြီးစီး သွားတဲ့ ရွေးကောက်ပွဲအပေါ် သူရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံကြောင့်လည်း နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံပေါ်ပေါက်လာဦးမယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။