ပြင်သစ်နိုင်ငံရှိ ရထားလမ်းတွေမှာ Solar Panel တွေ စတင်တပ်ဆင်နေပြီဖြစ်ကြောင်း ပြင်သစ် မီးရထားကုမ္ပဏီ SNCF က ထုတ်ပြန်ထားတာကို ကိုးကားပြီး The verge သတင်းမှာ ရေးသားထားပါတယ်။

ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေတဲ့ နေရောင်ခြည်စွမ်းအင်ကို ကဏ္ဍပေါင်းစုံမှာ အသုံးပြုဖို့ ကြိုးစားနေကြ တာပါ။နေရောင်ခြည်စွမ်းအင်ကို လျှပ်စစ်စွမ်းအင် ပြောင်းလဲပေးနိုင်တဲ့ Solar Farm တွေကို ကမ္ဘာအနှံ့အပြားမှာ အသုံးပြုနေကြတာ တွေ့မြင်လာကြရပါတယ်။

Solar Farm တွေအတွက် ကျယ်ဝန်းတဲ့နေရာ လိုအပ်ပါတယ်။ နေရာ မပေးချင်ရင်တော့ ရထားလမ်းလို ရှိပြီးသား Infrastructure တွေမှာ Solar Panel တွေကို တပ်ဆင်နိုင်ပါတယ်။
အခုတော့ ပြင်သစ်မီးရထားကုမ္ပဏီ SNCF က ရထားလမ်းမှာ Solar Panel တွေကို စမ်းသပ်တပ်ဆင်နေပြီး SNCF ရဲ့ လက်အောက်က AREP က ထုတ်လုပ်ထား တဲ့ Solar Panel တွေကို အသုံးပြုမှာ ဖြစ်ပါတယ်။
အဲဒီ စီမံကိန်းကို Solveig(ဆိုးဗိန်း)လို့ အမည်ပေးထားပြီး ပြင်သစ် မြောက်-အလယ်ပိုင်း Yvelines(အက်ရှီးရဲလ်) ဌာနက Acheres ရထားလမ်းကြောင်းမှာ စမ်းသပ်တပ်ဆင်ထားပါတယ်။

ဇန်နဝါရီ ၁၇ ရက်မှာ စီမံကိန်းကို စတင်ခဲ့တာပါ။ နောက် ၆ လအတွင်း Solar Panel တွေဟာ တည်မြဲမလားဆိုတာ စမ်းသပ်ကြမှာ ဖြစ်ပါတယ်။ စီမံကိန်းအောင်မြင်ရင် နိုင်ငံတစ်ဝန်းမှာ တိုးချဲ့ တပ်ဆင်သွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတစ်ယောက်က ပြောကြားထားပါတယ်။