အမေရိကန်နဲ့ ရုရှားအစိုးရ တာဝန်ရှိသူတွေဟာ ဆော်ဒီနိုင်ငံမှာ ယူကရိန်းအရေး တွေ့ဆုံဖို့ ရှိနေချိန်မှာ ပြင်သစ် နိုင်ငံ ပဲရစ်မြို့တော်မှာ ဥရောပခေါင်းဆောင်တွေကလည်း အရေးပေါ်ထိပ်သီးအစည်းအဝေးတစ်ရပ် ခေါ်ယူ တွေ့ဆုံခဲ့ကြပါတယ်။ ယူကရိန်းအရေး ဆွေးနွေးမှုမှာ ဥရောပခေါင်းဆောင်တွေနဲ့ ယူကရိန်းကို ဘေးဖယ် ချန်လှပ် ထားပြီး ရုရှားနဲ့ တွေ့ဆုံစကားပြောဆိုဖို့ အမေရိကန်က ခြေလှမ်း လှမ်းလာချိန်မှာ အခု ပဲရစ်အရေးပေါ်ညီလာခံ ပေါ်ပေါက်လာခဲ့တာပါ။

အဲဒီအစည်းအဝေးမှာ ရီယာ့ဒ်မှာ ကျင်းပမဲ့ အမေရိကန်-ရုရှား ဆွေးနွေးပွဲအပေါ် အဓိက အာရုံစိုက် ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ဥရောပမှာ အမေရိကန်ရဲ့ တည်ရှိမှု အားပျော့လာမဲ့ အရိပ်အယောင် ရှိနေချိန်မှာ ယူကရိန်းမှာ ဥရောပတပ်တွေ စေလွှတ်ရေးကိစ္စအပေါ်လည်း အာရုံစိုက် ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ကာလရှည်ကြာ ထောက်ပြစရာအဖြစ် ရှိနေတဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကားရ်စတာမာက ပဲရစ်အစည်းအဝေးဟာ မျိုးဆက်တစ်ခုမှာ တစ်ကြိမ်သာ ကြုံရတဲ့ ဥရောပတိုက်ရဲ့ အမျိုးသားလုံခြုံရေးအတွက် အရေးပါတဲ့ အခိုက်အတန့်လို့ ပြောဆိုလိုက် ပါတယ်။ ယူကရိန်းမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရှိလာရင် ပြေပြင်တပ်တွေကို တခြား ဥရောပနိုင်ငံတွေက တပ်တွေနဲ့အတူ စေလွှတ်ဖို့ ဆန္ဒရှိကြောင်းလည်း ဗြိတိန်ဝန်ကြီးချုပ် ကားရ်စတာမာက ပြောထားပါတယ်။