အိန္ဒိယကအနောက်ပိုင်း ပူးနေးမြို့မှာ မုန်တိုင်းမိုးကြောင့် အဓိကမြစ်ကြီးနှစ်စင်းမှာ မြစ်ရေတွေ စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့တဲ့နောက် မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ နေထိုင်သူ ထောင်ပေါင်းများစွာကို တနင်္ဂနွေနေ့က ရေဘေး လွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။
ရိုက်တာသတင်းဌာနရဲ့ မိတ်ဖက် အိန္ဒိယ သတင်းဌာနဖြစ်တဲ့ ANI က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်မှာ မြို့တာဝန်ရှိသူတွေက ဆည်ရေထိန်းတံခါးတွေကို ဖွင့်ချလိုက်တဲ့နောက် ရေလျှံနေတဲ့ ဆည်တွေနဲ့ မြစ်တွေကို အခုလို တွေ့ရပါတယ်။
ဒေသခံတွေကို ဘေးကင်းရာဆီ ဖောင်တွေနဲ့ လိုက်လံကယ်ထုတ် ပေးနေတဲ့ မြင်ကွင်းတွေကိုလည်း အခုလို တွေ့ရပါတယ်။

အိန္ဒိယနိုင်ငံမှာ မေလကုန်ပိုင်းမှာ စတင်တဲ့ မုတ်သုံရာသီ ရောက်ရှိလာတဲ့နောက် အပူလှိုင်းဖြတ်တဲ့ နွေရာသီရဲ့ ပူပြင်းတဲ့ဒဏ်ကနေ လွတ်ကင်းခဲ့ကြရပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ မကြာသေးခင် နှစ်တွေကစပြီး မုတ်သုံနဲ့အတူ မုန်တိုင်းမိုးတွေ သည်းသည်းမဲမဲ ရွာသွန်းတာတွေကြောင့် အခုလို မုတ်သုံဝင်ချိန်မှာ ဆိုးရွားတဲ့ ရေလွှမ်းမိုးဖြစ်စဉ်တွေလည်း အိန္ဒိယအနေနဲ့ ရင်ဆိုင်လာနေရပါတယ်။