အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက ရီဂင် အမျိုးသားလေဆိပ်အနီး ပိုတိုမက်မြစ်ထဲ ပျက်ကျသွားတဲ့ ခရီးသည်လေယာဉ်ရဲ့ လေယာဉ်ကိုယ်ထည်နဲ့ အင်ဂျင်တစ်လုံးကို ကယ်ဆယ်ရေးအဖွဲ့က ဆယ်ယူရရှိထားပါတယ်။ ပျက်ကျလေယာဉ်ရဲ့ လေယာဉ်တောင်ပံ တစ်ခုကိုလည်း မြစ်ထဲကနေ ဆယ်တင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက တနင်္လာနေ့မှာ ပြောပါတယ်။

ကယ်ဆယ်ရှာဖွေရေးတွေ ဆက်လက်လုပ်ဆောင်နေရာမှာ ပိုတိုမက်မြစ်အတွင်းကနေ ရုပ်အလောင်းတွေ ထပ်ပြီး တွေ့ရှိဆယ်ယူထားနိုင်တယ်လို့ ဆိုပါတယ်။ လေယာဉ် ပျက်ကျလို့ သေဆုံးသူ (၆၇)ယောက်ထဲက (၅၅)ယောက်ရဲ့ အလောင်းကိုပဲ လက်ရှိအချိန်ထိ တွေ့ရှိထားပြီး ဘယ်သူတွေဆိုတာကိုလည်း ဖော်ထုတ်ထားနိုင်ပါတယ်။ ခရီးသည်လေယာဉ်ရဲ့ အပျက်အစီးတွေကို ဆယ်ယူရေး လုပ်ငန်းဟာ နောက်ထပ် ရက်အနည်းငယ် ထပ်ကြာနိုင်ပြီး ဒီလုပ်ငန်းပြီးသွားတဲ့အခါမှသာ စစ်ရဟတ်ယာဉ်ရဲ့ အပျက်အစီးတွေကို ဆက်လက်ရှာဖွေ ဆယ်ယူမှာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ် က ဝါရှင်တန်ဒီစီ ရီဂင်လေဆိပ်အနီးမှာ အမေရိကန် ခရီးသည်တင် ဂျက်လေယာဉ်နဲ့ ဘလက်ခ်ဟော့ စစ်ရဟတ် ယာဉ်တို့ တိုက်မိပြီး ပျက်ကျသွားခဲ့ရာမှာ လူ(၆၇)ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ဟာ ၂၀၀၁ ခုနှစ် နောက်ပိုင်း အမေရိကန်မှာ လူအသေအပျောက် အများဆုံး လေကြောင်း မတော်တဆမှုလည်း ဖြစ်ပါတယ်။