လွန်ခဲ့တဲ့ နှစ်ရက်က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရတဲ့ သမ္မတဟောင်း ထရမ့်ဟာ ဝှစ္စကွန်ဆင်ပြည်နယ် မီးလ်ဝေါ် ကီမြို့မှာ ကျင်းပတဲ့ ရီပတ်ဘလီကန်ပါတီ ညီလာခံကို နားရွက်မှာ ပတ်တီးအုပ်လျက် တနင်္လာနေ့က တက်ရောက် လာပါတယ်။

တနင်္လာနေ့က စပြီး လေးရက်ကြာ ကျင်းပနေတဲ့ ရီပတ်ဘလီကန်ပါတီညီလာခံ ပထမနေ့ ညမှာ စီးပွားရေးကိစ္စရပ်တွေအပေါ်မှာ အဓိက အာရုံစိုက်ဆွေးနွေးခဲ့ကြပါတယ်။ ညီလာခံမှာ ပါတီထဲက နာမည်ကြီး ရီပတ်ဘလီကန်ခေါင်းဆောင်တွေက လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ကြုံခဲ့ရပေမဲ့လည်း မတုန်မလှုပ် ရင်ဆိုင်နိုင်တဲ့ ထရမ့်ရဲ့ သန်မာမှုကို ချီးမွမ်းလိုက်ကြပါတယ်။

သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ဖူးသူဖြစ်ပြီး လက်ရှိ ဆီးနိတ်တာ တစ်ယောက်ဖြစ်တဲ့ တင်(မ်)စကော့ကလည်း ထရမ့်ကို သေနတ်သမားရဲ့တိုက်ခိုက်မှုအပြီး ပြန်ရုန်းထ ဟိန်းဟောက် မာန်ဖီတဲ့ အမေရိကန်ခြင်္သေ့လို့ အမွှမ်းတင် ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

တစ်ဖက်မှာလည်း လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကို ထိပ်တန်း ရီပတ်ဘလီကန်တွေက ဝေဖန်ပြစ်တင် ပြောဆိုမှုတွေ လုပ်ခဲ့ကြပြီးတော့ အမေရိကန် စီးပွားရေးကို ဆုတ်ယုတ်စေသူလို့ ဘိုင်ဒန်ကို အပြစ်ဖို့ကြပါတယ်။

ဂျော်ဂျီယာ အမျိုးသမီး ကွန်ဂရက် အမတ်ဖြစ်တဲ့ မာဂျိုရီယာ တေလာ ဂရင်းကလည်း အမေရိကန်ရဲ့ စီးပွားရေးပြဿနာတွေအတွက် ဘိုင်ဒန်ရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒတွေကို အပြစ်တင်ခဲ့ပါတယ်။
မီးလ်ဝေါ်ကီမှာ ကျင်းပတဲ့ ရီပတ်ဘလီကန် ပါတီ ညီလာခံမှာ မိန့်ခွန်းပြောသူတွေဟာ တစ်ယောက်ပြီးတစ်ယောက် ငွေကြေးဖောင်းပွမှု ၊ ကုန်စျေးနှုန်းမြင့်တက်မှုတို့ အတွက် ဒီမိုကရက်တစ် သမ္မတ ဂျိုးဘိုင်ဒန်ကို အပြစ်တင်ဝေဖန်ခဲ့တာကို တွေ့ရပါတယ်။