အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ ကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီညီလာခံ နောက်ဆုံးနေ့မှာ ပါတီရဲ့ သမ္မတလောင်း ကာမာလ ဟဲရစ်က သူ့ရဲ့ သမ္မတ သက်တမ်းမှာ အမေရိကန်စစ်တပ်ကို ကမ္ဘာ့အင်အားအတောင့်တင်းဆုံးနဲ့ တိုက်စွမ်းရည် အပြည့်၀ဆုံး စစ်တပ်အဖြစ် တည်ဆောက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ဟဲရစ်ရဲ့ မိန့်ခွန်း ထဲမှာ သူဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အမြဲတမ်း ဂရုစိုက်ကြောင်းနဲ့ တပ်ဖွဲ့ဝင်တွေနဲ့တကွ သူတို့ရဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုပါကြောင်း ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဖျက်မှုနဲ့ ပတ်သက်လို့လည်း သူ့ရဲ့ ပြိုင်ဘက် ရီပတ်ဘလီကန်သမ္မတလောင်း ထရမ့်နဲ့ အပေါင်းအပါတွေကို ဝေဖန်ထိုးနှက်မှုတွေ လုပ်ခဲ့ပါတယ်။
အဲဒီရီပတ်လီကန်တွေဟာ ရူးသွပ်ကုန်ပြီဖြစ်ပြီး တစ်နိုင်ငံလုံးမှာ ကိုယ်ဝန်ဖျက်ချမှုကို တားမြစ်တဲ့ ဥပဒေတစ်ရပ်ကို ပြန်ဋ္ဌာန်းဖို့ စီစဉ်နေကြကြောင်းလည်း ပြောပါတယ်။

သူ့ရဲ့ သမ္မတသက်တမ်းအတွင်းမှာ လူလတ်တန်းစားတွေ အတွက် အခွန်လျှော့ပေါ့ပေးမဲ့ ဥပဒေကို ပြဋ္ဌာန်းပေးဖို့ ရည်ရွယ်ထားကြောင်းနဲ့ ရီပတ်ဘလီကန် သမ္မတလောင်း ထရမ့်မှာ လူလတ်တန်းစားတွေကို အလေးထားတဲ့စိတ် မရှိကြောင်းလည်း ဝေဖန်သွားခဲ့ပါတယ်။
ဟဲရစ်နဲ့ ထရမ့်တို့ ပြိုင်ဘက်နှစ်ယောက်ဟာ ရွေးကောက်ပွဲမတိုင်ခင် နောက်ဆုံး သီတင်း ၁၁ ပတ်တာ ကျန်ရှိတဲ့ မဲဆွယ်ကာလကို ချဉ်းနင်းရောက်ရှိလာချိန်မှာပဲ ဟဲရစ်ဟာ ပါတီညီလာခံ နောက်ဆုံးညမှာ အမေရိကားအတွက် သူ့ရဲ့ ရပ်တည်ချက် တွေကို ပြန်လည်သတ်မှတ်ပြီး ထုတ်ဖော်ကြေညာဖို့ အားထုတ်ခဲ့တာဖြစ်ပါတယ်။