ပါကစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းမှာ သြဂုတ် ၂၅ ရက်က ဘတ်စကား မတော်တဆမှု ၂ ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၄ ယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
နိုင်ငံအနောက်တောင် ပိုင်းက မခရန်ကမ်းရိုးတန်း အဝေးပြေးလမ်းမကြီးပေါ်မှာ ဘတ်စကားတိမ်းမှောက်မှုကြောင့် ဘုရားဖူး ၁၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
နိုင်ငံအရှေ့မြောက်ပိုင်းက ကာဟူတာမှာလည်း ခရီးသည် တင်ဘတ်စကားတစ်စီး နက်ရှိုင်းတဲ့ လျှိုမြောင်ထဲ ထိုးကျမှုကြောင့် ၂၂ ယောက် သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေး တာဝန်ရှိသူတွေ ပြောပါတယ်။

အဲဒီဘတ်စကားမှာ အမျိုးသမီး ခြောက်ယောက်နဲ့ ကလေးတစ်ယောက်အပါအဝင် ခရီးသည် ၂၅ ယောက် လိုက်ပါသွားတာလို့ ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးက ပြောပါတယ်။
တစ်ယောက် အပြင်းအထန် ဒဏ်ရာရခဲ့ပြီး သေဆုံးသူ ၂၂ ယောက်ရဲ့ အလောင်းအားလုံးကို လျှိုမြောင်ထဲကနေ ဆယ်တင်ခဲ့တယ်လို့ ဆိုပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ ကျေးလက်ဒေသတွေက လမ်းတွေဟာ ဆိုးရွားလှပြီး ယာဉ်စည်းကမ်းလိုက်နာမှု နည်းပါးတဲ့ နေရာတွေမှာ ယာဉ်မတော်တဆမှုတွေ အဖြစ်များလေ့ရှိတယ်လို့ သိရပါတယ်။