ပါကစ္စတန်နိုင်ငံမှာ ငွေကြေးဖောင်းပွမှုနဲ့ စွမ်းအင်သုံးစွဲစရိတ်အပေါ် အခွန်ကောက်ခံမှုကို ဆန့်ကျင်ကန့်ကွက်ဖို့ ဇူလိုင် ၂၆ ရက်က ဆန္ဒထုတ်ဖော်သူတွေ စုဝေးခဲ့ကြပါတယ်။

ပါကစ္စတန်ရဲ့ အဓိကအစ္စလာမ္မစ်ပါတီ ဂျမက်အီးအစ္စလာမီကို ထောက်ခံသူတွေလည်းဖြစ်တဲ့ အဲဒီဆန္ဒထုတ်ဖော်သူတွေဟာ မြို့တော်အစ္စလာမာဘတ် ဇုန်အတွင်းကို ဝင်ရောက်ခွင့် တားမြစ်ခံခဲ့ရပါတယ်။

ထိပ်တန်းအစိုးရရုံးတွေ၊ သံတမန်နယ်မြေနဲ့ လွှတ်တော်အိမ်တွေ တည်ရှိရာ အနီရောင်ဇုန်လို့ခေါ်တဲ့ ဧရိယာက လမ်းတွေကို ဒေသအာဏာပိုင်တွေ ပိတ်ဆို့ထားခဲ့ပါတယ်။
အတားအဆီးတွေကို ဖြတ်ကျော်ဖို့ ကြိုးစားတဲ့ ဆန္ဒပြသူ အများအပြားကို ရဲက ဖမ်းဆီးလိုက်ပါတယ်။

လူထုစုဝေးပွဲအတွင်း ဂျမက်အီးအစ္စလာမီခေါင်းဆောင် ဟာဖစ် နာအမ်း အူအာ ရီမန်က လူသန်းပေါင်း ၂၅၀ အတွက် တရားမျှတမှုရှိဖို့ တောင်းဆိုခဲ့ပြီး အခွန်တွေ ဖယ်ရှားသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ညနေပိုင်းမှာ အစိုးရက ဂျမက်အီးအစ္စလာမီခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့အတွက် အဖွဲ့ဝင်သုံးဦးပါ ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြောင်း ကြေညာခဲ့ပါတယ်။