ရွေးကောက်ခံ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပနားမားတူးမြောင်းဖြတ်သန်းခကို လျှော့မပေးရင် တူးမြောင်းကို ပြန်သိမ်းမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

ပနားမားနိုင်ငံဟာ တူးမြောင်းကို ဖြတ်သန်းတဲ့ အမေရိကန် ကုန်တင်သင်္ဘောတွေ နဲ့ ရေတပ်စစ်သင်္ဘောတွေကို မတန်တဆ ငွေကြေးကောက်ခံနေတယ်လို့ တနင်္ဂနွေနေ့က အရီဇိုးနားပြည်နယ်မှာ ထောက်ခံသူတွေကို စကားပြောစဉ်အတွင်း အခုလို ခြိမ်းခြောက် လိုက်တာပါ။ ထရမ့်ရဲ့ ခြိမ်းခြောက်စွပ်စွဲမှုကို ပနားမားနိုင်ငံ သမ္မတ က တူးမြောင်း နဲ့ အနီးဝန်းကျင်မြေတွေကို ပနားမားနိုင်ငံကသာ ပိုင်ဆိုင်ကြောင်း ချက်ချင်း တုံ့ပြန်လိုက်ပါတယ်။

ပနားမားရဲ့ အချုပ်အခြာအာဏာ နဲ့ လွတ်လပ်ရေးဟာ စေ့စပ်ညိနှိုင်းလို့ မရစကောင်းဘူးလို့ လည်း ပနားမား သမ္မတ ဂျို့စ် ရောလ် မူလီနိုက ဖြည့်စွက်ပြောဆိုလိုက်ပါတယ်။ အခု ထရမ့်ရဲ့ ပြောဆိုမှုဟာ အမေရိကန်ခေါင်းဆောင် တစ်ယောက်က နယ်မြေပိုင်ဆိုင်မှုကို လွှဲအပ်ပေးဖို့ ပြောဆိုတဲ့ ရှားရှားပါးပါးဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ ထရမ့်က အခုလိုခြိမ်းခြောက်ပြောဆိုပေမဲ့ ဘယ်လိုပုံစံနဲ့ တူးမြောင်းကို အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက် ပြန်ယူမလဲဆိုတာကိုတော့ မရှင်းလင်းခဲ့ပါဘူး။