အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုအပြီးမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ ဒေါ်နယ်ထရမ့်ဆီ ဆက်သွယ်ခဲ့တာ မရှိဘူးလို့ ကရင်မလင်နန်းတော်က ဇူလိုင် ၁၅ ရက်မှာ ပြောပါ တယ်။

သမ္မတပူတင်နဲ့ ပတ်သက်တဲ့ လုံခြုံရေးအစီအမံတွေကို အခုတိုးမြှင့်ပေးမှာလားလို့ မေးမြန်းရာမှာ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ရုရှားခေါင်းဆောင်ဟာ သင့်တော်တဲ့ အကာအကွယ် အဆင့်အတန်း ရရှိထားတယ်လို့ ပြောပါတယ်။

နိုင်ငံတကာ တင်းမာမှုတွေ ယေဘုယျအားဖြင့် တိုးမြင့်လာတဲ့ အပေါ် ထည့်သွင်းစဉ်းစားပြီး လိုအပ်တာမှန်သမျှကို လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။ ဒေါ်နယ်ထရမ့် ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုအတွက် အမေရိကန်အစိုးရမှာ တာဝန်ရှိတယ်လို့ မယူဆပေမဲ့ အဲဒီလိုဖြစ်စဉ်မျိုး ပေါ်ပေါက်လာအောင် စေ့ဆော် ဖန်တီးနေတယ်လို့ ကရင်မလင်က စွပ်စွဲပြောဆိုထားပါတယ်။

ပင်ဆယ်ဗေးနီးယား ပြည်နယ်မှာ ထရမ့်ဟာ မဲဆွယ်စည်းရုံးပွဲတစ်ခုအတွင်း ကြီးမားတဲ့လုံခြုံရေးလစ်ဟာမှုပေါ်ပေါက်ခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာပါ။ တိုက်ခိုက်သူဟာ နေရာမှာတင် ပစ်သတ်ခံခဲ့ရပြီး တိုက်ခိုက်မှုအကြောင်းရင်းကို မဖော်ထုတ်ရသေးကြောင်း တရားရေးအရာရှိတွေက ပြောပါတယ်။