ဒိန်းမတ်ဟာ ယီမင်က ဟူသီစစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့မှာ ပါဝင်မယ့် ဖရီးဂိတ်စစ်သင်္ဘောတစ်စင်းကို ပင်လယ်နီဆီ ဇန်နဝါရီ ၂၉ ရက်က စေလွှတ်လိုက်ပါတယ်။ ဟူသီတွေအနေနဲ့ လွတ်လပ်တဲ့ကမ္ဘာ့ကုန်သွယ်ရေးကို ခြိမ်းခြောက်ဖို့ ခွင့်ပြုထားမယ်ထင်ရင် မှားလိမ့်မယ်လို့ ၁၃၉ မီတာ ရှည်တဲ့ ဖရီဂိတ်သင်္ဘောမထွက်ခွာခင် သင်္ဘောပေါ်မှာ ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဒိန်းမတ်ကုမ္ပဏီပိုင် အမေရိကန်အလံတင် ကွန်တိန်နာသင်္ဘောကို ဟူသီတွေက သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်သုံးစင်းနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒိန်းမတ်သင်္ဘောကုမ္ပဏီတွေဟာ နှစ်စဉ်ကမ္ဘာ့သင်္ဘော သွားလာမှုရဲ့ ၁၅ ရာခိုင်နှုန်းလောက် ဖြတ်သန်းသွားတဲ့ ပင်လယ်နီကို နှစ်စဉ် သင်္ဘောစင်းရေ ၂၅၀၀ လောက် စေလွှတ်ပါတယ်။ ဂါဇာက အစ္စရေးထိုးစစ်အပေါ် တုံ့ပြန်တဲ့အနေနဲ့ အီရန်မဟာမိတ် ဟူသီတွေဟာ နိုဝင်ဘာ ၁၉ ရက်ကတည်းက ပင်လယ်နီမှာ ကုန်သင်္ဘောနဲ့ စစ်သင်္ဘောတွေကို ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ဒါကြောင့် သင်္ဘောကုမ္ပဏီတွေဟာ အာဖရိကတောင်ပိုင်းကနေ လမ်းကြောင်းပြောင်းရာမှာ ၁၀ ရက်ကနေ ၁၄ ရက်အထိ ကြာမြင့်တဲ့အတွက် ပင်လယ်နီနဲ့ စူးအက်တူးမြောင်းကို ဖြတ်သန်းတာထက် ကုန်ကျစရိတ်ပိုများ နေပါတယ်။ ဒိန်းမတ်ဟာ ဖရီဂိတ်သင်္ဘောစေလွှတ်လိုက်ပေမယ့် ဟူသီတွေကို အမေရိကန်ဦးဆောင်တဲ့ ထိုးစစ် ဆင်မှုမှာတော့ ပါဝင်ဦးမှာမဟုတ်ဘူးလို့ သိရပါတယ်။