စိတ်ကြွဆေးနဲ့ ဖန်တာနိုင်းလို ဖန်တီးထားတဲ့ ဓာတုဆေးဝါးတွေ ထုတ်လုပ်ဖို့ အသုံးပြုတဲ့ နှစ်မျိုးသုံး ဓာတုပစ္စည်း တွေ စီးဆင်းမှု မြင့်တက်လာတာအတွက် စိုးရိမ်နေကြတယ်လို့ မက္ကဆီရေတပ်တာဝန်ရှိသူတွေက ရိုက်တာသတင်း ဌာနကို ပြောဆိုခဲ့ပါတယ်။

အစားအသောက်၊ ရေမွှေးနဲ့ ဆေးဝါးတွေလို တရားဝင်ပစ္စည်းတွေ ထုတ်လုပ်ဖို့သာမက စိတ်ကြွဆေးနဲ့ ဖန်တာနိုင်းလ် ပေါင်းစပ်ထုတ်လုပ်ဖို့ သုံးတဲ့ဓာတုပစ္စည်းတွေဟာ မက္ကဆီကိုရဲ့ အကြီးဆုံးဆိပ်ကမ်း ဖြစ်တဲ့ မန်ဇာနီလိုဆီကို ပိုမိုတင်သွင်းလာပြီး အများစုဟာ တရုတ်နိုင်ငံက ဖြစ်တယ်လို့ မက္ကဆီကို ရေတပ်အရာရှိ တွေက ပြောပါတယ်။

ရေတပ်အရာရှိတွေက ဓာတုပစ္စည်းတွေကို ထိန်းညှိပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပြီး မက္ကဆီကန် ကုမ္ပဏီတွေက မကြေညာဘဲ တင်သွင်းလာလို့ သိမ်းယူခံထားရတဲ့ ဓာတုပစ္စည်းပါ စည်ပိုင်းကြီးတွေကို မီးမောင်းထိုးပြဖို့ ရိုက်တာကို တောင်းဆိုခဲ့ပါတယ်။

မန်ဇာနီလိုဆိပ်ကမ်းဟာ မက္ကဆီကိုကို နေ့စဉ်ရောက်ရှိလာတဲ့ ကွန်တိန်နာတွေရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးကို လက်ခံရရှိနေပါတယ်။ တရားမဝင် ကုန်ပစ္စည်းတွေအကြောင်း တိုင်ကြားချက်ဝင်လာမှာသာ ကုန်ပစ္စည်းတွေကို ရာနှုန်းပြည့် ရှာဖွေတာတွေ ပြုလုပ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မက္ကဆီကိုက မူးယစ်ဂိုဏ်းတွေဟာ အမေရိကန်ဈေးကွက်အတွက် စိတ်ကြွဆေးပြားတွေကို ကာလ အတန်ကြာ ထုတ်လုပ်ခဲ့ရာက မကြာသေးခင်နှစ်တွေအတွင်းမှာတော့ သြစတြေးလျ၊ နယ်သာလန်နဲ့ တရုတ်လို အဝေးနိုင်ငံတွေကိုပါ တင်ပို့မှု တိုးလာခဲ့ပါတယ်။
မန်ဇာနီလိုဆိပ်ကမ်းဟာ ဗျူဟာမြောက် တည်နေရာကြောင့် အာရှ၊ တောင်အမေရိကနဲ့ မြောက်အမေရိကမှာရှိတဲ့ ဆိပ်ကမ်းတွေအတွက် ပြတင်းတံခါးတစ်ခုဖြစ်နေပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့သာ ကပ်ဆိုးတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ မက္ကဆီကို ရေတပ် အရာရှိတွေက ပြောဆိုခဲ့ပါတယ်။