ဝါရှင်တန်မြို့တော်မှာ ကျင်းပတဲ့ နေတိုးထိပ်သီး အစည်းအဝေးနောက်ဆုံးနေ့ အပိတ် သတငတ်းစာရှင်းလင်းပွဲမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် စကားပြောဆိုရာမှာ စကားအလွဲမှားမှား ပြောဆိုမိတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ကြာသပတေးနေ့ ပြုလုပ်ခဲ့တဲ့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒန်က ယူကရိန်းကို ကာလရှည်ကြာ ဆက်လက် ထောက်ခံ အားပေးသွားမယ်လို့ ကတိပြုခဲ့သလို သူဟာ အရည်အချင်းအပြည့်မီဆုံး ကိုယ်စားလှယ်လောင်းအဖြစ် ရှိနေဆဲဖြစ်ပြီး သူရဲ့ သမ္မတအဖြစ် ပြန်အရွေးခံရေး ဆက်လုပ်သွားမယ့်အကြောင်း ထပ်မံအတည်ပြုသွားခဲ့ပါ တယ်။

စကားပြောဆိုမှုအတွင်းမှာ ဘိုင်ဒန်က သူ့လို စိတ်ပိုင်းဖြတ်ချက်ခိုင်မာသူ ယူကရိန်းသမ္မတဖြစ်တဲ့ သမ္မတ ပူတင်ဆိုပြီး ယူကရိန်းသမ္မတ ဇာလန်စကီးလို့ ပြောရမဲ့အစား ပူတင်နဲ့ မှားယွင်းပြောမိခဲ့ရာမှာ ပရိသတ်ဆီကနေ အံ့အားသင့်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။

သမ္မတပူတင်ကို အနိုင်ယူသွားမယ် ၊ ပူတင်ကို အနိုင်ယူအလဲထိုးဖို့ အာရုံ အပြည့်စိုက်ထားကြောင်း ပြောတဲ့နေရာမှာလည်း ပူတင် နဲ့ ဇာလန်စကီးကို အလွဲလွဲအချော်ချော် မှားပြောခဲ့ပါ တယ်။
တစ်ခါ သူနဲ့အတူ ရွေးကောက်ပွဲမှာ အတူတူ ပါဝင်မဲ့ ဒုသမ္မတ ကာမာလာဟဲရစ်ကိုလည်း ဟဲရစ်မှာ သမ္မတလုပ်ဖို့ အရည်အချင်းမရှိသူဆိုရင် ဒုသမ္မတ အဖြစ် ထရမ့်ကို ရွေးချယ်ခဲ့မှာမဟုတ်ဘူးလို့လည်း ထရမ့်နဲ့ ရောထွေးပြီး မှားခဲ့မိပြန်တာကို တွေ့ရပါတယ်။
ဒါ့အပြင် အမေရိကန်စစ်တပ်ဟာ သူရဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကြံပြုလမ်းညွှန်ချက်အတိုင်း လိုက်နာ ဆောင်ရွက်နေတယ်လို့ ပြောခဲ့ပြီး နောက် ချက်ချင်း စစ်ဦးစီးအဖွဲ့လို့ ပြင်ဆင်သုံးနှုန်းခဲ့တာကိုတွေ့ရပြီး ဘိုင်ဒန်ဟာ စစ်ဦးစီးအဖွဲ့ဆိုတဲ့ ဝေါဟာရကိုလည်း အတော်လေး ခက်ခက်ခဲခဲ ရှာဖွေ စဉ်းစားခဲ့ရပုံ ပေါ်တာကို တွေ့ရပါတယ်။