ထိုင်းဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းဖို့ ညွန့်ပေါင်းအဖွဲ့က ဆုံးဖြတ်ပြီးနောက် ပယ်ထုံတန် ရှင်နာဝပ်က နိုင်ငံ ရှေ့ဆက်ရွေ့လျားအောင် ထမ်းရွက်ဖို့ အဆင်သင့်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

ပယ်ထုံတန် ရှင်နာဝပ် ဟာ ထိုင်းနိုင်ငံရေးမှာ သြဇာကြီးတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ သမီးနဲ့ ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ရဲ့ တူမ ဖြစ်ပါတယ်။

ပါလီမန်မှာ အရေးကြီးတဲ့ မဲခွဲဆုံးဖြတ်မှုမတိုင်ခင် တစ်ရက်အလိုမှာ ပယ်ထုံတန် ရှင်နာဝပ်ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ဖို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

သြဂုတ် ၁၄ ရက်က ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးဟာ ဆရီသာထာဗီဆင်ကို ဝန်ကြီးချုပ်ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ တစ်ချိန်က ထောင်ကျခဲ့ဖူးသူတစ်ယောက်ကို ဝန်ကြီး ခန့်အပ်လိုက်တာနဲ့ပတ်သက်ပြီး ထာဗီဆင်ဟာ ကျင့်ဝတ်ဖောက်ဖျက်ခဲ့ တယ်ဆိုပြီး ပြင်းထန်တဲ့ စီရင်ချက်ချမှတ်ခဲ့တာပါ။
ဆရီသာရဲ့ ဖြူးထိုင်းပါတီဟာ နောက်ထပ် အစိုးရဖွဲ့ဖို့ ကြိုးပမ်း ခဲ့ရပြီး သူ့ရဲ့ ၁၁ ပါတီ မဟာမိတ်အဖွဲ့ရဲ့ ကျောထောက်နောက်ခံရရှိဖို့ အရှိန်အဟုန်နဲ့ နောက်ကွယ်မှာ ဆွေးနွေးပွဲ တွေ ပြုလုပ်ခဲ့ရပါတယ်။
သြဂုတ် ၁၆ ရက် မဲခွဲဆုံးဖြတ်မှုမှာ အောင်မြင်ရင် အသက် ၃၇ နှစ်အရွယ် ပယ်ထုံတန်ဟာ ထိုင်းနိုင်ငံရဲ့ ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာမှာဖြစ်ပြီး ထိပ်တန်းရာထူးကို ထမ်းဆောင်မယ့် တတိယမြောက် ရှင်နာဝပ် ဖြစ်လာမှာပါ။
ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့ ပယ်ထုံတန်ဟာ အိမ်ခြံမြေကုမ္ပဏီ တစ်ခုမှာ အမှုဆောင်တစ်ယောက်အဖြစ် တာဝန်ယူခဲ့ပြီး တခြား အိမ်ခြံမြေလုပ်ငန်းတစ်ခုဖြစ်တဲ့ SC Asset ရဲ့ အကြီးဆုံးရှယ်ယာရှင်ဖြစ်ပါတယ်။