အာဂျင်တီးနားကမ်းရိုးတန်းမှာ မကြာသေးခင် လတွေက သောင်တင်လာတဲ့ မက်ဂယ်လဲနစ် ပင်ဂွင်း(၁၄)ကောင် ဟာ အခုတော့ နာလန်ထူလာပြီဖြစ်လို့ မူလရှင်သန်ကျက်စားရာ ဒေသကို တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြန်လွှတ်ပေးလိုက်ကြပါတယ်။

ကမ်းခြေမှာ မျောတင်လာချိန်မှာ အဲဒီပင်ဂွင်းတွေမှာ ရေဓာတ်ခန်းခြောက်မှု ၊ အာဟာရပြတ်လပ်မှုနဲ့ သွေးနီဥလျော့နည်းမှုတွေ ဖြစ်ပေါ်ခဲ့တာကို စစ်ဆေးတွေ့ရှိပြီး ရေနေသတ္တဝါများ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး စင်တာကို ပို့ဆောင် ပြုစုကုသပေးခဲ့ရတယ်လို့ တိရစ္ဆာန်ဆေးကု ဆရာဝန်ဖြစ်သူ ပက်ဘလို လော်ရေးရို က ပြောပါတယ်။

ပြည့်စုံကောင်းမွန်တဲ့ ကျန်းမာရေးအခြေအနေနဲ့ ကိုယ်အလေးအချိန်ကို ပြန်လည်ရရှိတဲ့နောက် အဲဒီပင်ဂွင်းလေးတွေကို အာဂျင်တီးနား ကမ်းခြေတွေမှာ သွားပြီး ပင်လယ်သမုဒ္ဒရာထဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီပင်ဂွင်းတွေဟာ အသက်ငယ်ရွယ်သေးတဲ့ ပင်ဂွင်းလေးတွေ ဖြစ်တာကြောင့် ရေပြင်ထဲ စားကျက်ရွှေ့ပြောင်းသွားလာနေစဉ်အတွင်း အစာအတွက် ငါးရှာမစားနိုင်လို့ ကျန်းမာရေးပြဿနာနဲ့ ကြုံတွေ့ခဲ့ရကာ အာဂျင်တီးနား ကမ်းရိုးတန်းပေါ်မှာ သောင်တင် ဒုက္ခရောက်ခဲ့ရတာ ဖြစ်ပါတယ်။