သတ်ဖြတ်ခံရတဲ့ ဟစ်ဇဘိုလာ ခေါင်းဆောင် ဟတ်ဆန် နာဆာရာလာအတွက် ဝမ်းနည်းခြင်းအခမ်းအနားကို အီရန်နိုင်ငံ တီဟီရန်မြို့တော်မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့ရာမှာ အီရန်တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီ ဝမ်းနည်းခြင်းအခမ်းအနားကို အီရန်ပြည်ထဲရေးဝန်ကြီး အစ္စကန်ဒါ မိုမာနီ ၊ အီရန်မဟာဗျူဟာရေးရာ လေ့လာမှုအဖွဲ့ ဒုဥက္ကဋ္ဌ မိုဟာမက် ဂျာဗက် ဇာရစ်ဖ်နဲ့ အီရန်အခြေစိုက် ဟားမာ့စ် ကိုယ်စားလှယ်ဖြစ်တဲ့ ခါလတ် ကာဒိုမီ တို့ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
အီရန် ကျောထောက်နောက်ခံပြုအဖွဲ့ ဟစ်ဇဘိုလာရဲ့ ခေါင်းဆောင်ဖြစ်သူ နာဆာရာလာဟာ ပြီးခဲ့တဲ့ စနေနေ့က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့ရတာပါ။

သူနဲ့အတူ အီရန်တော်လှန်ရေး အစောင့်တပ် အကြီးတန်းတပ်မှူး အဘတ်စ် နီလ်ဖိုရော့စ်ရှန်လည်း သေဆုံးသွားခဲ့ပါတယ်။
ဟစ်ဇဘိုလာအဖွဲ့ အင်အားကြီးထွား လာအောင် တည်ထောင်ကြိုးပမ်းခဲ့သူ ဟတ်ဆန်နာဆာရာလာ သတ်ဖြတ်ခံရမှုဟာ ဟစ်ဇဘိုလာအဖွဲ့ကို ကူညီထူထောင်ပေးခဲ့သူ အီရန်အတွက်လည်း ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။
နာဆာရာလာ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ပါကစ္စတန်၊ ဩစတြေးလျနိုင်ငံ ဆစ်ဒနီနဲ့ ကမ္ဘာ့နိုင်ငံအချို့မှာ ဆန္ဒဖော်ထုတ် ကန့်ကွက်မှုတွေ ပေါ်ပေါက်နေပါတယ်။