နယ်သာလန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှာ ဖြစ်ပွားတဲ့ အိုင်တီနည်းပညာ ချို့ယွင်းမှုကြောင့် နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး လေဆိပ်ဖြစ်တဲ့ အိန်းဟိုဗန်မှာ ဗုဒ္ဓဟူးနေ့က လေကြောင်းသွားလာမှု ရပ်ဆိုင်းခဲ့ရတယ်လို့ အဲဒီလေဆိပ် က ထုတ်ပြန်ပါတယ်။
အိန်းဟိုဗန်လေဆိပ်ဟာ လေဆိပ်ရဲ့ ပရ၀ဏ် အဆောက်အဦကို ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အတူ မျှဝေပြီး အရပ်ဘက်လေဆိပ်အဖြစ်ပါ ပူးတွဲအသုံးပြုနေတာပါ။
အဲဒီအိုင်တီနည်းပညာ ချို့ယွင်းမှုကြောင့် အနည်းဆုံး ဒေသစံတော်ချိန် ညနေ (၅) နာရီအထိ လေကြောင်းခရီးစဉ် (၁၄)ခုက လေယာဉ်တွေအားလုံးကို မြေပြင်မှာ ရပ်နားထားခဲ့ရပါတယ်။
နောက်ထပ် အနည်းဆုံး လေကြောင်းခရီးစဉ် (၃)ခုလောက်ကိုလည်း ဂျာမနီ နိုင်ငံက ဝီဇစ် လေဆိပ်ကနေ ထွက်ခွာပျံသန်းမှုလုပ်ဖို့ ညွှန်ကြားခဲ့ရတယ် ဆိုပါတယ်။

အမ်စတာဒမ် လေဆိပ်ကို လမ်းကြောင်းပြောင်း မောင်းနှင်စေခဲ့ရတဲ့ လေကြောင်းခရီးစဉ်တစ်ခုရှိခဲ့သလို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် လေဆိပ်ကို လမ်းကြောင်းပြောင်း ပျံသန်းခဲ့ရတဲ့ လေကြောင်းခရီးစဉ်တစ်ခုလည်း ရှိခဲ့ပါသေးတယ်။
ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ဌာနရဲ့ အိုင်တီနည်းပညာ ကွန်ရက်စနစ်အပေါ် မှီခိုနေရတဲ့ ဝန်ဆောင်မှုတွေအားလုံး အပေါ်မှာ အိုင်တီချို့ယွင်းမှုရဲ့ အကျိုးဆက် သက်ရောက်မှုရှိလိမ့်မယ်လို့ ပြောပါတယ်။
နယ်သာလန် အရေးပေါ် ဌာနကလည်း နိုင်ငံတစ်ဝန်းမှာ စနစ်ချို့ယွင်းပြတ်တောက်မှု တစ်ခုဖြစ်ပေါ်ခဲ့ပြီး ဌာနရဲ့ သတိပေးဥဩဆွဲစနစ်နဲ့ ဆက်သွယ်ရေးစနစ်တွေ ရပ်ဆိုင်းသွားခဲ့တယ်လို့ ပြောပါတယ်။
အဲဒီလို အိုင်တီနည်းပညာချို့ယွင်းမှု ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
နယ်သာလန် အမျိုးသား ဆိုက်ဘာ လုံခြုံရေးစင်တာရဲ့ သတင်းရင်းမြစ်တွေကတော့ ဆိုက်ဘာတိုက်ခိုက်မှုဖြစ်ပေါ်တဲ့ အရိပ်အယောင်မျိုး လက်ရှိအချိန်ထိ မတွေ့ရှိရသေး ဘူးလို့ ပြောကြပါတယ်။