နယူးဂျာစီပြည်နယ် နယူးဝါ့ခ်မြို့မှာ လ.၀.က အေးဂျင့်တွေက ၀ရမ်းမပါဘဲ အထောက်အထားမဲ့ ရွှေ့ပြောင်းတွေကို စီးနင်းဖမ်းဆီးတာတွေ လုပ်ရာမှာ နိုင်ငံသားတွေလည်း အဖမ်းခံရတဲ့ဖြစ်စဉ်ရှိတယ်လို့ အဲဒီမြို့ရဲ့ မြို့တော်ဝန် ရက်စ်ဘာရာကာ က ပြောပါတယ်။

လ.၀.က အေးဂျင့်တွေဟာ မြို့ထဲ ရပ်ကွက်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး လူတွေ အခုလို ကြောက်ရွံ့ထိတ်လန့်အောင် တရားဥပဒေနဲ့မညီ လုပ်နေတာတွေကို နယူးဝါ့ခ်မြို့က ရပ်ကြည့် နေမှာ မဟုတ်ဘူးလို့ မြို့တော်ဝန် ဘာရာကာ က ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ အမရိကန် နိုင်ငံတစ်ဝန်းက အဓိကမြို့ကြီးတွေမှာ နယ်စပ်ရေးရာမူဝါဒ အကြီးအကဲ ဟိုမန်းရဲ့ အမိန့်အရ (ICE)လို့ခေါ်တဲ့ လ.၀.ကအေးဂျင့်တွေရဲ့ စီးနင်းဖမ်းဆီးတာတွေနဲ့ ရင်ဆိုင်နေရချိန်မှာ နယူးဝါ့ခ်မြို့တော်ဝန်ရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တာပါ။

ဖယ်ဒရယ်အစိုးရအေးဂျင့်တွေဆီ အထောက်အထားမဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေကို လွှဲပြောင်းပေးအပ်ဖို့ ငြင်းဆိုတဲ့ ဒုက္ခသည်ခိုလှုံရာ မြို့တွေနဲ့ ဒေသတွေကို အရင်ဆုံး ပစ်မှတ်ထား စီးနင်းဖမ်းဆီး တာတွေ လုပ်သွားမယ်လို့ ဟိုမန်းက ကြုံးဝါးထားခဲ့ပါတယ်။ အမေရိကန် လ.၀.က (ICE)က ကြာသပတေးနေ့မှာ ဖမ်းဆီးမှု (၅၃၈)ခု လုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။