အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်မှာ တောမီးကြောင့် အနည်းဆုံး လူ(၁)ယောက် သေဆုံးပြီး လူထောင်ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကာ နေအိမ်ရာချီ မီးကျွမ်းပျက်စီးခဲ့ရပါတယ်။ အင်္ဂါနေ့ ညပိုင်းကစပြီး လက်ရှိအချိန်ထိ တောမီးကြောင့် အိမ်ခြေ(၁၄၀၀)လောက် ပျက်စီးသွားပြီးဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး မစ်ချဲလ် လူဂျန် ဂရစ်ရှမ်က ပြောပါတယ်။
ရူအီးဒိုဆို ရွာတစ်ရွာလုံးက လူဦးရေ(၇၀၀၀)ကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းပေး ထားရပြီး တောမီးလောင်ကျွမ်းမှုအတွင်း လူ(၂) ယောက် ဒဏ်ရာရထားတယ်လို့လည်းဖြည့်စွက်ပြောပါတယ်။

ဒါ့အပြင် လင်ကွန်းစီရင်စုနဲ့ ကျန်ဒေသတစ်ခုမှာလည်း တောမီးလောင်ကျွမ်းမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။ တောမီးနဲ့ ရင်ဆိုင်နေရဆဲ အခုအပတ်ထဲမှာပဲ နယူးမက္ကဆီကို ပြည်နယ်မှာ မိုးရွာမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
အမေရိကန်နိုင်ငံ အလယ်ပိုင်းကနေ အရှေ့ပိုင်းအတွင်းမှာ ရှိတဲ့ မြို့ကြီး တွေမှာ အခုအပတ်တွင်း စံချိန်တင် နေ့အပူချိန်တွေ ဖြစ်ပေါ်နေပြီး အဲဒီရဲ့ အကျိုးဆက်အဖြစ် ကြောက်မက်ဖွယ် နောက်ဆက်တွဲ ရာသီဥတုဖြစ်စဉ်တွေ ပေါ်ပေါက်လာနိုင်တယ်လို့ အမေရိကန် အမျိုးသားမိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။