စစ္စလီကမ်းလွန်မှာ နစ်မြုပ်ခဲ့တဲ့ ဇိမ်ခံရွက်လှေမှာ ပါဝင်သွားတဲ့ ဗြိတိန်နည်းပညာလုပ်ငန်းရှင် မိုက်ခ်လန့်ချ်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီလို့ Daily Telegraph သတင်းစာက သြဂုတ် ၂၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။
သူ့သမီး ဟန်နာရဲ့ အလောင်းကိုလည်း ရွက်လှေထဲမှာ တွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေသူ ၆ ယောက်ထဲက ၅ ယောက်ရဲ့ အလောင်းတွေ တွေ့ရှိခဲတယ်လို့ သြဂုတ် ၂၁ ရက်မှာ အီတလီအာဏာပိုင်တွေက ပြောပါတယ်။
ပြင်းထန်တဲ့ လေဆင်နှာမောင်းတိုက်ခတ်ပြီးနောက် စစ္စလီကျွန်းမြို့တော် ပါလာမိုကမ်းလွန်မှာ သြဂုတ် ၁၉ ရက်က ဇိမ်ခံရွက် လှေ နစ်မြုပ်သွားရာက လန့်ချ်တို့သားအဖ အပါအဝင် လူ ၆ ယောက် ပျောက်ဆုံးခဲ့တာပါ။

၅၆ မီတာ ရှည်လျားတဲ့ ဘေရီရှန် ဇိမ်ခံရွက်လှေဟာ ပြင်းထန်တဲ့ လေပြင်းတိုက်ခတ်မှုကြောင့် လိုက်ပါလာတဲ့လူ ၂၂ ယောက်နဲ့ အတူ နစ်မြုပ်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အသက်တစ်နှစ်အရွယ် ကလေးတစ်ယောက် အပါအဝင် လူ ၁၅ ယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ရွက်လှေက စားဖိုမှူးရဲ့ ရုပ်အလောင်းကို တော့ ကနဦးကတည်းက ဆယ်ယူနိုင်ခဲ့ပါတယ်။
အသက် ၅၉ နှစ်အရွယ် လန့်ချ်ဟာ သူ့ရဲ့ဆော့ဖ်ဝဲကုမ္ပဏီကို HP ကွန်ပျူတာဆီ ၂၀၁၁ ခုနှစ်က ဒေါ်လာ ၁၁ ဘီလီယံနဲ့ ရောင်းချမှုနဲ့ ဆက်စပ်တဲ့ လိမ်လည်မှုစွဲချက်နဲ့ အမှုရင်ဆိုင် နေရာကနေ ဇွန်လကမှ ဆန်ဖရန်စစ္စကို တရားရုံးက တရားသေ လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။