ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် စစ်သင်္ချိုင်းဆီ သွားရောက်လည်ပတ်ပြီး မဲဆွယ်ရာမှာ အသုံးချတဲ့အပေါ် အမေရိကန်ဒုသမ္မတ ကင်မလာဟဲရစ်က သြဂုတ် ၃၁ ရက်မှာ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
အာလင်တန် စစ်သင်္ချိုင်းဆီ သွားရောက်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းကို နောက်ပိုင်းမှာ ထရမ့်ရဲ့ မဲဆွယ်ပွဲမှာ အသုံးပြုတဲ့နောက် ဟဲရစ်က ထောက်ပြရှုတ်ချခဲ့တာပါ။
ဒီနေရာဟာ နိုင်ငံအတွက် အဆုံးစွန် စွန့်လွှတ်အနစ်နာခံမှုနဲ့ ထမ်းဆောင်ခဲ့တဲ့ အမေရိကန်သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့ ကြီးကျယ်ခမ်းနားတဲ့ နေရာတစ်ခုဖြစ်ပြီး နိုင်ငံရေးအတွက် နေရာမဟုတ်ဘူးလို့ ဟဲရစ်က X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
သြဂုတ် ၂၆ ရက်က စစ်သင်္ချိုင်းမှာ လွမ်းသူ့ပန်းခွေချတဲ့ အခမ်းအနားမှာ ဒေါ်နယ်ထရမ့် ပါဝင်ခဲ့ပါတယ်။
အာဖဂန်နစ္စတန်က အမေရိကန်တပ်တွေ ရုပ်သိမ်းတဲ့ နောက်ဆုံးရက်တွေအတွင်း ကဘူးလ်လေဆိပ်မှာ ကျဆုံးခဲ့တဲ့ အမေရိကန် စစ်မှုထမ်း ၁၃ ဦးကို ဂုဏ်ပြုတဲ့အနေနဲ့ ထရမ့်က လွမ်းသူပန်းခွေ ချခဲ့ပါတယ်။

ထရမ့်ဟာ အမေရိကန်တပ်မတော်က သန့်ရှင်းရာမြေလို ယူဆတဲ့ ဗာဂျီးနီးယားသင်္ချိုင်းရဲ့ အပိုင်း ၆၀ ကိုလည်း သွားရောက်ခဲ့ပါတယ်။
ဖယ်ဒရယ်ဥပဒေနဲ့ ပင်တဂွန်မူဝါဒတွေအရ အဲဒီနေရာတွေမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကို ခွင့်ပြုမထားပါဘူး။
ဒါပေမယ့် အိမ်ဖြူတော်အတွက် ဟဲရစ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်နေရတဲ့ ထရမ့်အတွက် သူ့မဲဆွယ်အဖွဲ့က စစ်သင်္ချိုင်းသွားတဲ့မှတ်တမ်းတွေကို အသုံးချခဲ့ပါတယ်။