လာမဲ့ ၂၀၂၄ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီရဲ့ ဒုတိယ သမ္မတ ကိုယ်စားလှယ် လောင်းနေရာမှာ ပါဝင် ယှဉ်ပြိုင်မဲ့သူအဖြစ် အိုဟိုင်းအိုးပြည်နယ်က ရီပတ်ဘလီကန် ဆီးနိတ်အမတ် ဂျေဒီ ဗန့်စ် ကို ဒေါ်နယ်ထရမ့်က ရွေးချယ်လိုက်ပါတယ်။

ပါတီရဲ့ ဒုသမ္မတကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရသူ ဂျေဒီ ဗန့်စ်ဟာ တစ်ချိန်က ထရမ့်ကို အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ဝေဖန်ထိုးနှက်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါ တယ်။ ဒုသမ္မတကိုယ်စားလှယ်လောင်းရွေးချယ်တဲ့ သတင်းကို ထရမ့်ရဲ့ Truth Social Media Website မှာ အရင် ဆုံး ထုတ်ပြန်ကြေညာခဲ့ပြီး အဲဒီနောက် ရီပတ်ဘလီကန်ပါတီ ညီလာခံ အဖွင့်မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။

အခုလို (ဟီးလ်ဘီလီ အဲလဂီ) ‘Hillbilly Elegy’ဆိုတဲ့ အရောင်းရဆုံး စာအုပ်ကို ရေးသားခဲ့သူ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်ကို သူနဲ့အတူ ရွေးကောက်ပွဲဝင်ပြိုင်မဲ့ ဒုသမ္မတအဖြစ် ရွေးချယ်မှုက နိုဝင်ဘာ (၅)ရက် ရွေးကေက်ပွဲမှာ မဲပေးသူ လူဦးရေကို များပြားစေနိုင်မယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။
ဒီလိုရွေးချယ်မှု မလုပ်ခင်က ထရမ့် ထောက်ခံသူတွေက ထရမ့်ကို သူရဲ့ ဒုသမ္မတကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသမီးတစ်ယောက် ဒါမှမဟုတ် အသားအရောင်ကွဲပြားတဲ့ လူတစ်ယောက်ကို ရွေးချယ်ဖို့ တွန်းအားပေးမှု ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဗန့်စ်ကို ရွေးချယ်မှုက ထရမ့်အတွက် မဲဆန္ဒရှင်အသစ်တွေ ရရှိနိုင်စေမှာ မဟုတ်ဘဲ ထရမ့်ကို သဘောထား အလယ် အလတ်ရှိတဲ့ မဲဆန္ဒရှင်တွေနဲ့ ဝေးကွာသွားစေနိုင်တယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။