ဘိုလီးဗီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ဘရာဇီးသမ္မတ လူလာ ဒါဆေးလ်ဗားက လက်တင်အမေရိကားမှာ ဒီမိုကရေစီကို ကာကွယ်ကြဖို့ အင်္ဂါနေ့မှာ ဆော်ဩလိုက်ပါတယ်။ ဘိုလီးဗီးယားနိုင်ငံမှာ မကြာသေးခင်က အာဏာ သိမ်းဖို့ ကြံစည်အားထုတ်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် သွားရောက်တဲ့ ခရီးစဉ်မှာ လူလာက အခုလို တိုက်တွန်း ဆော်ဩခဲ့တာပါ။

ဇွန်လကုန်ပိုင်းတုန်းက ဘိုလီးဗီးယားမှာ စစ်ဗိုလ်ချုပ်တစ်ယေက်က လူး၀စ္စ အားဆေ အစိုးရဆီ ကနေ အာဏာသိမ်းယူဖို့ မအောင်မြင်တဲ့ အားထုတ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ခရီးစဉ်မှာ သမ္မတ လူလာ က လက်ယာစွန်း အုပ်စုတွေ အင်အားကောင်းလာမှုကို တားဆီးဖို့အတွက် ဒေသတွင်း စည်းလုံးညီညွတ်မှုနဲ့ ဒီမိုကရက်တစ် အင်အားစုတွေအကြား မတူကွဲပြားမှုတွေကို ကျော်လွှားဖို့က အရေးကြီးကြောင်း အလေးပေး ပြောဆိုခဲ့ပါတယ်။

နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ ဘရာဇီး သမ္မတ လူလာ ဒါဆေးလ်ဗားကို ဘိုလီးဗီးယား သမ္မတ အားဆေက အင်္ဂါနေ့က ကြိုဆိုဧည့်ခံခဲ့ပါတယ်။ သမ္မတလူလာရဲ့ ခရီးစဉ်အတွင်းမှာ ဘရာဇီး-ဘိုလီးဗီးယား နှစ်နိုင်ငံကြား စွမ်းအင်နဲ့ ဓာတ်မြေဩဇာကဏ္ဍမှာ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုကို ပိုအားကောင်စေဖို့ ဆွေးနွေးမှုလုပ်ခဲ့ကြောင်း ပူးတွဲကြေညာချက်တစ်ရပ်လည်း ထုတ်ပြန်ခဲ့ပါတယ်။