အမေရိကန် ဒုသမ္မတ ကာမာလာ ဟဲရစ်ဟာ ဒီမိုကရက်တစ်ပါတီ အမျိုးသားကွန်ဗင်းရှင်း(DNC)ကို တက်ရောက်ဖို့ အတွက် ချီကာဂိုမြို့ကို တနင်္ဂနွေနေ့က ရောက်ရှိလာခဲ့ပါတယ်။
အဲဒီကွန်ဗင်းရှင်းမှာ ဟဲရစ်ဟာ ဒီမိုကရက်တစ် ပါတီရဲ့ ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် တင်မြှောက်မှုကို တရားဝင်လက်ခံသွားဖို့ ရှိနေပါတယ်။
အခမ်းအနားကို တနင်္လာနေ့ ညပိုင်းမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မိန့်ခွန်းပြောဆို ဖွင့်လှစ်မှာ ဖြစ်ပြီးတော့ ဟဲရစ်က ကြာသပတေးနေ့မှာ မိန့်ခွန်းပြောကြားသွားမှာပါ။

ဂါဇာအရေးကြောင့် အခုနှစ် ဒီမိုကရက် တစ်ပါတီ အမျိုးသား ကွန်ဗင်းရှင်း အစည်းအဝေးမှာ ၁၉၆၈ ခုနှစ်တုန်းက ကွန်ဗင်းရှင်းကျင်းပနေချိန် ဗီယက်နမ် စစ်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်သူတွေ လမ်းပေါ်ထွက်ဆန္ဒပြပြီး ရဲတွေနဲ့ ထိပ်တိုက်တွေ့ကာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့သလိုမျိုး ထပ်မံဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
အခုနှစ်ရဲ့ ဒီမိုကရက်တစ်ပါတီ ကွန်ဗင်းရှင်းကျင်းပချိန်မှာ ဆန္ဒဖော်ထုတ်သူ ၄၀၀၀၀ လောက်ကနေ ၁၀၀၀၀၀ လောက်အထိဟာ ဘိုင်ဒန်အစိုးရ ရဲ့ အစ္စရေးနိုင်ငံအပေါ် ရပ်တည်ချက်ကို ဆန့်ကျင်ဆန္ဒဖော်ထုတ် သွားဖွယ်ရှိနေတယ်လို့လည်း သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။
တစ်ဖက်မှာလည်း ကွန်ဗင်းရှင်း မကျင်းပခင် တစ်ရက်အလို ချီကာဂို မြို့မှာ ပါလက်စတိုင်း အလံတွေ ၊ ပိုစတာတွေ ကိုင်ဆောင်ထားတဲ့ ထောင်ချီတဲ့ လူအုပ်ဟာ ဂါဇာမှာ အပစ်ရပ်စဲဖို့ တောင်းဆိုဆန္ဒဖော်ထုတ်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။