ဆီးရီးယား အဓိက အတိုက်အခံအုပ်စုရဲ့ ခေါင်းဆောင် အဘူ မိုဟာမက် အယ်လ် ဂျော်လာနီက ဆီးရီးယား ပြည်သူတွေသာလျှင် တိုင်းပြည်ကို အမှန်တကယ် ပိုင်စိုးသူတွေဖြစ်ပြီး အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးအတွက် သမိုင်းသစ်ကို ရေးထိုးနိုင်ခဲ့ပြီလို့ ကြေညာလိုက်ပါတယ်။

တနင်္ဂနွေနေ့က ဆီးရီးယားနိုင်ငံ မြို့တော်ဒမတ်စကပ် မှာရှိတဲ့ ဥမာရတ် ဗလီမှာ ပြည်သူကို ပြောကြားခဲ့တဲ့ အောင်ပွဲခံ မိန့်ခွန်းမှာ ပြောသွားခဲ့တာပါ။ အာဆတ် အစိုးရ ဟာ အရပ်သား ထောင်ပေါင်းများစွာကို တရားလက်လွတ် ထောင်ချခဲ့တဲ့အပြင် တခြားရာဇဝတ်မှု အများအပြားကို ကျုးလွန်ခဲ့ကြောင်း၊ ဆီးရီးယားပြည်သူတွေသာလျှင် နိုင်ငံရဲ့ ပိုင်ရှင်အစစ်အမှန်ဖြစ်ပြီး မိမိတို့ မရပ်မနား တိုက်ပွဲဝင် ခဲ့ရာ ဒီနေ့မှာတော့ အဲဒီအားထုတ်မှုတွေအတွက် အောင်ပွဲဆိုတဲ့ ဆုလာဘ်ကို ရရှိခဲ့ပြီဖြစ်ကြောင်း ဂျော်လာနီက ပြောပါတယ်။

အောင်ပွဲအတွက် ဘုရားသခင်ကို ကျေးဇူးတင်ဖို့ကိုလည်း ဗလီကို စုဝေးတက်ရောက်လာတဲ့ လူထု ပရိသတ်ကို တိုက်တွန်းသွားခဲ့ပါတယ်။ မိန့်ခွန်းထဲမှာ ဂျော်လာနီက ဆီးရီးယားမှာ အီရန်ရဲ့ ပါဝင်ပတ်သက်မှု တွေကို ဝေဖန်သွားခဲ့ပြီး ဆီးရီးယားဟာ အီရန်ရဲ့ စွက်ဖက်မှုတွေ ထပ်ပြီးခံမှာ မဟုတ်တော့ဘူးလို့ ပြောသွားပါ တယ်။

၂၀၁၁ ခုနှစ်မှာ အစပြုခဲ့တဲ့ မပြီးဆုံးသေးတဲ့ ရည်မှန်းချက် ပန်းတိုင်တွေကိုလည်း ခိုင်မာတဲ့ စိတ်ပိုင်းဖြတ် မှုနဲ့အတူ ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့လည်း ဆီးရီးယား သူပုန် HTS ခေါင်းဆောင် ဂျော်လာနီက ပြောသွားခဲ့ပါတယ်။