ဖယ်ဒရယ် ထောက်ပံ့ကြေးနဲ့ ချေးငွေတွေကို ရပ်ဆိုင်းတဲ့ ရုံးအမိန့်စာကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရ အသုံးစရိတ်များရေးရာရုံးကနေ ဗုဒ္ဓဟူးနေ့က ပြန်လည် ပယ်ဖျက်လိုက်ပါတယ်။

ဒါဟာ အဲဒီအမိန့်စာ ထွက်ပေါ်လာခဲ့တဲ့နောက် နိုင်ငံအနှံ့ ရှုပ်ထွေးမှုတွေနဲ့ ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေ ပေါ်ပေါက်လာတဲ့နောက် နှစ်ရက်အကြာမှာ အိမ်ဖြူတော်ကနေ အမိန့်စာကို ပြန်လည်ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။

တနင်္လာနေ့က အိမ်ဖြူတော် စီမံခန့်ခွဲရေးနဲ့အသုံးစရိတ်ရေးရာဌာနကနေ အဲဒီလို ထောက်ပံ့ကြေးနဲ့ ချေးငွေတွေ ရပ်ဆိုင်းကြောင်း အမိန့်စာထုတ်လိုက်တဲ့နောက်မှာ ဗဟိုအစိုးရက ပေးအပ်တဲ့ ထရီလီယံနဲ့ချီတဲ့ ငွေတွေအပေါ်မှာ အမှီပြုနေရတဲ့ ပြည်နယ်တွေ၊ စာသင်ကျောင်းတွေနဲ့ အသင်းအဖွဲ့တွေကို စိုးရိမ်ကြောက်လန့်စေခဲ့ပါတယ်။

အစိုးရအသုံးစရိတ် တွေ သုံးစွဲနေတဲ့ ပုံစံဟာ ရာသီဥတုအရေးနဲ့ DEI လို ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ သမ္မတ အုပ်ချုပ် ရေးအမိန့်တွေနဲ့ ကိုက်ညီမှုရှိသလားဆိုတာကို လေ့လာသုံးသပ်ဖို့အတွက် ယာယီ ရပ်ဆိုင်းထားဖို့ လိုအပ်ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။