သူမဟာ လူမျိုးရေးကွဲပြားမှုအပေါ် နိုင်ငံရေးအရ အမြတ်ထုတ်နေတယ်လို့ စွပ်စွဲခဲ့တဲ့ ရီပတ်ဘလစ်ကန် သမ္မတ လောင်း ဒေါ်နယ်ထရမ့်ဟာ သွေးခွဲမှုနဲ့ မလေးစားမှုကို ရှေးရှုတဲ့ အရင်ပြကွက်ဟောင်း ပြသခြင်းသာဖြစ်တယ်လို့ အမေရိကန်ဒုတိယသမ္မတ ကမ်မလာဟဲရစ်က တုံ့ပြန်လိုက်ပါတယ်။
ဇူလိုင် ၃၁ ရက် အစောပိုင်းက ပြောဆိုခဲ့တာ ဖြစ်ပြီး အမေရိကန် ပြည်သူတွေဟာ ထရမ့်ရဲ့ပြကွက်ထက် ပိုထိုက်တန်တယ်လို့ ပြောပါတယ်။
အဖြစ်မှန်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ရန်လို ဒေါသဖြစ်မှုတွေနဲ့ မတုံ့ပြန်ဘဲ မတူကွဲပြားမှုတွေဟာ မိမိတို့ကို မခြားနားစေကြောင်း နားလည်တဲ့ သမ္မတမျိုးနဲ့ အမေရိကန်က ထိုက်တန်တယ်လို့ ဟဲရစ်က ပြောပါတယ်။ သူသာ သမ္မတဖြစ်ရင် ကွန်ဂရက်လွှတ်တော်က အတည်ပြုတာနဲ့ မျိုးပွားမှုဆိုင်ရာ လွတ်လပ်ခွင့်တွေ ပြန်လည်ရရှိဖို့ ဥပဒေအဖြစ် လက်မှတ်ရေးထိုးသွားမယ်လို့လည်း ဟဲရစ်က ကတိပေးခဲ့ပါတယ်။

အခုလအစောပိုင်းက အိမ်ဖြူတော်အတွက် မဲဆွယ် စည်းရုံးမှု စတင်ခဲ့တဲ့ ဟဲရစ်ဟာ အွန်လိုင်းမှာ လိင်ပိုင်းဆိုင်ရာနဲ့ လူမျိုးရေးခွဲခြားတဲ့ တိုက်ခိုက်မှုတွေ ရင်ဆိုင်ခဲ့ရပြီး လက်ယာစွန်းအကောင့်တချို့က သူမရဲ့ လူမျိုးရေးလက္ခဏာကို မေးခွန်းထုတ်နေပါတယ်။
ထရမ့်ဟာ ဟဲရစ်ကို ပုဂ္ဂိုလ်ရေးအရ စော်ကားတဲ့အသုံးအနှုန်းတွေ သုံးစွဲခဲ့ပြီး ပြင်းထန်တဲ့စကားလုံးတွေကို လျှော့ချဖို့ အကြံပြုချက်တွေကိုလည်း လျစ်လျူရှုမယ်လို့ ပြောဆိုခဲ့ပါတယ်။ ထရမ့်ကလည်း သူဟာ ရည်ရည် မွန်မွန် ရှိမှာမဟုတ်ဘူးလို့ မဲဆွယ်စည်းရုံးပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။