အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို သူ့ရဲ့ ကိုယ်ပိုင် ဂေါက်ကွင်းမှာ လုပ်ကြံသတ်ဖြတ်ဖို့ အားထုတ်ခဲ့တဲ့ အမျိုးသားတစ်ယောက်ကို ဖမ်းဆီးရမိကြောင်း အမေရိကန် တရားဥပဒေစိုးမိုးရေး အာဏာပိုင်တွေက အတည်ပြု ပြောဆိုလိုက်ပါတယ်။
အဲဒီအမျိုးသားဟာ အသက် (၅၈)နှစ်အရွယ် ရိုင်ယန်း ဝက်စ်လေ ရု့တ် ဆိုသူဖြစ်ပြီး ယူကရိန်းနိုင်ငံမှာ ရုရှားစစ်တပ်ကို တိုက်ခိုက်ဖို့အတွက် ပြည်ပ တိုက်ခိုက်ရေးသမားတွေ စုဆောင်းစေလွှတ်မှုမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်သူလို့ CBS သတင်းက ဖော်ပြပါတယ်။
အဲဒီအမျိုးသားဟာ AK-47 အမျိုးအစား တိုက်ခိုက်ရေး ရိုင်ဖယ်တစ်လက်နဲ့အတူ ထရမ့်ရဲ့ နိုင်ငံတကာ ဂေါက်ကလပ် ခြံစည်းရိုးအနီးမှာ လျှို့ဝှက် စုံစမ်းရေး အေးဂျင့်တွေက စတင်တွေ့ရှိခဲ့တာလို့ တနင်္ဂနွေနေ့က အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီနောက် လျှို့ဝှက် အေးဂျင့်တွေက ပစ်ခတ်ခဲ့ရာမှာ အဲဒီအမျိုးသားက နစ်ဆန်း အနက်ရောင်ကားတစ်စီးနဲ့ ထွက်ပြေးခဲ့ပါတယ်။
ကားကို မာတင်ကောင်တီရုံးအနီး ပြည်နယ်ချင်းဆက် အမှတ်(၉၅)လမ်းမကြီး တစ်နေရာမှာ တာဝန်ရှိသူတွေက ကြးဖြတ်ဟန့်တားနိုင်ခဲ့ပြီး လုပ်ကြံမှုတရားခံကို ဖမ်းမိခဲ့တာပါ။
ဖယ်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI)က အဲဒီ ဖြစ်စဉ်ကို လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ရန် ကြံစည်အားထုတ်မှုအဖြစ် သတ်မှတ်ထားပါတယ်။
အခင်းဖြစ်ပွားရာ နေရာကနေ အိတ်တွေနဲ့အတူ လက်နက်တစ်ခု၊ Gopro ကင်မရာတစ်ခုကို သိမ်းဆည်းရမိထားပါတယ်။
သမ္မတ ဟောင်းထရမ့်ကိုလည်း သူ့ရဲ့ မာအာလာဂို စံအိမ်ကို ဘေးကင်းစွာ နေရာရွှေ့ပြောင်း နိုင်ခဲ့ကြောင်း အာဏာပိုင် တွေက ထုတ်ပြန်ပါတယ်။ အဲဒီလုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ရတဲ့ ရည်ရွယ်ချက်ကိုတော့ အာဏာ့ပိုင်တွေက ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။