အမေရိကန် ဆီနိတ်တာနဲ့ ရီပတ်ဘလီကန် ဒုသမ္မတလောင်း ဂျေဒီ ဗန့်စ်က သမ္မတဟောင်း ဒေါ်နယ်ထရမ့်အပေါ် ပူးပေါင်းကြံစည် စွဲချက်တင် တရားစွဲဆိုမှုတွေဟာ လာမဲ့ နိုဝင်ဘာ(၅)ရက် သမ္မတရွေးကောက်ပွဲကို ကြားဝင် စွက်ဖက်ဖို့ အားထုတ်မှုတစ်ခုလို့ အင်္ဂါနေ့က ပြောလိုက်ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အရှုံးကို ပြောင်းပြန်လှန်ဖို့အတွက် တရားမဝင်နည်းလမ်းတွေနဲ့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ်အခြေခံပြီး ပြန်လည်သုံးသပ်ပြင်ဆင်ထားတဲ့ ဖယ်ဒရယ်တရားစွဲဆိုမှုတစ်ရပ်နဲ့ အင်္ဂါနေ့ မနက်အစောပိုင်းမှာ ရင်ဆိုင်လာ ရပါတယ်။
အမေရိကန် တရားရုံးချုပ်က သမ္မတဟောင်းတွေဟာ ရာဇဝတ်မှုဆိုင်ရာ တရားစွဲမှုကနေ ကင်းလွတ်ခွင့် ကျယ်ကျယ်ပြန့်ပြန့် ရရှိထားကြတယ်လို့ စီရင်ချက်ချမှတ်ထားတဲ့အတွက် အစိုးရရှေ့နေတွေအနေနဲ့ ထရမ့်အမှု တွေနဲ့ ပတ်သက်ပြီး ဥပဒေအရ ချဉ်းကပ်နိုင်မဲ့ လမ်းကြောင်းတွေ ကျဉ်းမြောင်းလာချိန်မှာ အဲဒီ ပြန်လည်ပြင်ဆင် ထားတဲ့ ဖယ်ဒရယ်စွဲချက် ထွက်ပေါ်လာတာပါ။

ဗန့်စ်က သမ္မတတွေဟာ တရားသူကြီးတွေနဲ့ ရဲအရာရှိတွေလိုပဲ ကင်းလွတ်တချို့ ရရှိသင့်ကြောင်း အခိုင်အမာ ပြောကြားပါတယ်။
အခု အင်္ဂါနေ့ မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ ပြန်လည်ပြင်ဆင်ထားတဲ့ ဖယ်ဒရယ်တရားစွဲမှုမှာ ပြီးခဲ့တဲ့နှစ်က ထရမ့်အပေါ် အစိုးရရှေ့နေတွေက စွဲဆိုခဲ့တဲ့ စွဲချက်လေးရပ်ကိုပဲ ပြန်အခြေခံထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခု စွဲချက်မှာတော့ ပြန်အရွေးခံဖို့ ကြိုးစားနေတဲ့ သမ္မတဆိုတဲ့အချက်ထက် ပြန်လည်အရွေးကောက်ခံဖို့ ကြိုးစားနေတဲ့ နိုင်ငံရေးသမား ကိုယ်စားလှယ်လောင်း ဆိုတဲ့ အချက်အပေါ်မှာ အဓိက အာရုံစိုက်ထားပါတယ်။