အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းကို ဝယ်ယူလိုတဲ့ဆန္ဒကို ထပ်မံပြောဆိုပြီး နာရီပိုင်းအကြာမှာ ဒိန်းမတ်အစိုးရက ဂရင်းလန်းအတွက် ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်မယ်လို့ ကြေညာလိုက်ပါတယ်။

အာတိတ်နယ်မြေကိုကာကွယ်ဖို့ အနည်းဆုံး အမေရိကန် ဒေါ်လာ ၁ ဘီလီယံခွဲ သုံးစွဲသွားမှာဖြစ်ပြီး ထရမ့်က သူ့ဆန္ဒပြောချိန်နဲ့ တိုက်ဆိုင်တာကတော့ ကံကြမ္မာရဲ့လှောင်ပြောင်မှုလို့ ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး ထရိုးလွန် ပိုလူဆန်က ပြောဆိုခဲ့ပါတယ်။
အာတိတ်ရေခဲပြင်က ကြီးမားတဲ့ဂရင်းလန်းကျွန်းစုကို ပိုင်ဆိုင်မှုနဲ့ ထိန်းချုပ်မှုဟာ အမေရိကန်အတွက် လုံးဝမရှိမဖြစ် လိုအပ်တယ်လို့ ထရမ့်က တနင်္လာနေ့တုန်းက ပြောခဲ့ပါတယ်။ ဒိန်းမတ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်တဲ့ ဂရင်းလန်းဟာ အမေရိကန်အတွက် ကြီးမားတဲ့ အာကာသစခန်းနေရာဖြစ်ပြီး မြောက်အမေရိက ကနေ ဥရောပကို အတိုဆုံးလမ်းကြောင်းပေါ်မှာ တည်ရှိလို့ မဟာဗျူဟာမြောက်အရေးပါတဲ့ နေရာပါ။

အဓိက ဓာတ်သတ္တုသိုက်တွေလည်းရှိတဲ့ ဂရင်းလန်းအတွက် ဒေါ်လာ ၁ ဘီလီယံခွဲက စစ်ဆေးရေးသင်္ဘောနှစ်စင်း၊ တာဝေးပျံ လူမဲ့လေယာဉ်သစ်နှစ်စင်းနဲ့ ခွေးဆွဲစွတ်ဖားအဖွဲ့နှစ်ဖွဲ့တို့အတွက် အကုန်အကျခံနိုင်မယ်လို့ ပိုလူဆန်က ပြောပါတယ်။
အာတိတ်စစ်ဌာနချုပ်မှာ ဝန်ထမ်းအင်အား တိုးမြှင့်ဖို့နဲ့ F-35 တိုက်လေယာဉ်တွေသုံးနိုင်အောင် ဂရင်းလန်းက အဓိက အရပ်ဘက်လေဆိပ်တစ်ခုကို အဆင့်မြှင့်ဖို့လည်း လုံလောက်စေမှာ ဖြစ်ပါတယ်။

ထရမ့်က အမေရိကန်အတွက် မရှိမဖြစ်လိုအပ်ချက်လို့ ပြောဆိုခဲ့ပြီးနောက် ဂရင်းလန်းဝန်ကြီးချုပ် မြုအက်ဂီက ဂရင်းလန်းဟာ ရောင်းဖို့မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဂရင်းလန်းသားတွေဟာ သူတို့အိမ်နီးချင်းတွေနဲ့ ပူးပေါင်းဆေားင်ရွက်မှုနဲ ကုန်သွယ်မှုအတွက် ဆက်တံခါးဖွင့်ထားသင့်တယ်လို့လည်း ပြောခဲ့ပါတယ်။