ဂါဇာဒေသကို ထိန်းချုပ်ပြီး ဒေသခံ ပါလက်စတိုင်း (၂.၁) သန်းကျော်ကို ပြန်လည်စီစဉ်နေရာချထားမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဆိုပြုချက်ကို လက်မခံကြောင်း ပါလက်စတိုင်း သမ္မတ မာမွတ်အဘတ်စ်က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။

ပါလက်စတိုင်းပြည်သူတွေရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံရမှာကို ခွင့်မပြုနိုင်ကြောင်း နဲ့ ဂါဇာဟာ ပါလက်စတိုင်းနိုင်ငံရဲ့ ခွဲထုတ်မရတဲ့ အစိတ်အပိုင်းဖြစ်ပြီး အတင်းအကြပ် နေရာရွှေ့ပြောင်းခိုင်းတာမျိုးတွေဟာ နိုင်ငံတကာ ဥပဒေတွေအပေါ် လေးနက်တဲ့ ချိုးဖောက်မှုဖြစ်လိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

ဟားမာ့စ် အဖွဲ့ကလည်း ထရမ့်ရဲ့ အစီအစဉ်ဟာ ဒေသတွင်းမှာ လောင်မြိုက်နေတဲ့ မီးပေါ် ရေနံဆီ လောင်းချလိုက်တဲ့ လုပ်ရပ်လို့ ပြောလိုက်ပါတယ်။ ထရမ့်ရဲ့ စိတ်ကူးကို ဂျော်ဒန် နဲ့ အီဂျစ်တို့လို ယူအက်စ်ရဲ့ ဒေသတွင်း အမာခံတွေကလည်း ပယ်ချထားပါတယ်။ ကုလသမဂ္ဂ အဖွဲ့ကလည်း ဘယ်လို လူမျိုးတုံးသန့်စင်သတ်ဖြတ်မှုမျိုးကို မဆို ဆန့်ကျင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။