ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ ပြိုင်ဘက် ဒီမိုကရက် သမ္မတလောင်း ဟဲရစ်နဲ့ ABC ရုပ်သံအစီအစဉ်မှာ လာမဲ့ စက်တင်ဘာ(၁၀)ရက်မှာ စကားစစ်ထိုးဖို့ သဘောတူလိုက်ပါတယ်။
နောက်ထပ် Fox News နဲ့ NBC ရုပ်သံမှာလည်း စကားစစ်ထိုးပွဲနှစ်ခု လုပ်သွားချင်တယ်လို့ ထရမ့်က ကြာသပတေးနေ့မှာ ပြောပါတယ်။
ဖလော်ရီဒါပြည်နယ် ပန်း(မ်) ကမ်းခြေအနီးက သူ့နေအိမ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က စက်တင်ဘာ(၄)ရက်နဲ့ စက်တင်ဘာ (၂၅)ရက်တို့မှာလည်း စစ်ကားစစ်ထိုးပွဲ လုပ်ချင်တယ်လို့ ပြောသွားတာပါ။
ဒါပေမဲ့ စကားစစ်ထိုးရာမှာ ပွဲကြည့်ပရိသတ်တွေ ထည့်သွင်းစီစဉ်မှာလား စတဲ့ တခြား အသေးစိတ်အချက်တွေ ကိုတော့ ထည့်သွင်းရှင်းလင်းသွားတာ မရှိပါဘူး။

အစပိုင်းတုန်းက ထရမ့်က သမ္မတဂျိုးဘိုင်ဒန်ရဲ့ နေရာမှာ သမ္မတလောင်းအဖြစ် ဒုသမ္မတ ဟဲရစ် အစားထိုး မဝင်ရောက်ခင် စီစဉ်ထားခဲ့တဲ့ ABC ရုပ်သံ စကားစစ်ထိုးပွဲကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောထားဖူးပါတယ်။
ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ဟဲရစ်ပေါ်ပေါက်လာမှုက ထရမ့်ရဲ့ မဲဆွယ်အဖွဲ့ကို မဲဆွယ်စည်းရုံးရေးမဟာဗျူဟာနဲ့ မဲဆွယ်သတင်းစကားတွေကို ပြန်လည် ပြင်ဆင်ရမှုတွေ ရှိလာစေခဲ့ပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲမှာ ထရမ့်က သူဟာ လူမည်း အမျိုးသား မဲဆန္ဒရှင်တွေ အထူးသဖြင့် စပိန် ၊ ဂျူး မဲဆန္ဒရှင်တွေနဲ့ အထူး အဆင်ပြေကြောင်း၊ ပြိုင်ဘက် ဟဲရစ်နဲ့ ဝေါ့ဇ်တို့ဟာ အားနည်းတဲ့ ကိုယ်စား လှယ်လောင်းတွေလို့ ဆိုလိုက်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ တရားဥပဒေစိုးမိုးမှုနဲ့ စီးပွားရေးအခြေအနေတွေ၊ ဘိုင်ဒန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ခေါင်းဆောင်မှုစွမ်းရည်အပေါ် ထိုးနှက်ခဲ့ပြီးနောက် တိုင်းပြည်ဟာ တတိယ ကမ္ဘာစစ်တစ်ခုနဲ့ ကြုံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုကာ သတင်းစာရှင်းလင်းပွဲ မိန့်ခွန်းကို အဆုံးသတ်ခဲ့ပါတယ်။