အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သူ့ရဲ့ ချည့်နဲ့တဲ့ စကားစစ်ထိုးပွဲ စွမ်းဆောင်မှုနဲ့ပတ်သက်လို့ နိုင်ငံရေးအကျပ်အတည်းကို တွန်းလှန်ဖို့ကြိုးပမ်းရာမှာ ဒီမိုကရက်တချို့က သူ့ကို အိမ်ဖြူတော်ပြိုင်ပွဲက တွန်းထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲရင်း ဒေါ်နယ်ထရန့်ကို လှောင်ပြောင်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်က စကားရည်လုပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်မပြနိုင်သေးပေမယ့် ဆက်လက်ယှဉ်ပြိုင်ပြီး နောက်တစ်ကြိမ်အနိုင်ယူရမှာလို့ ဘိုင်ဒင်က ပြောဆိုခဲ့ပါတယ်။

ဇူလိုင် ၅ ရက်က နိုင်ငံရေးစစ်မြေပြင်ဖြစ်တဲ့ ဝစ္စကွန်ဆင်ကို သွားရောက်ပြီး ရုပ်မြင်သံကြားအင်တာဗျူးတစ်ခုအတွက် မဲဆန္ဒရှင်တွေနဲ့အတူစုဝေးရာမှာ အဓိကအလှူရှင်တွေအပါအဝင် ပါတီတွင်းတချို့က ဒုတိယသက်တမ်းလေးနှစ်တာကာလကို သူ ကိုင်တွယ်နိုင်မလားဟု မေးခွန်းထုတ်ခံခဲ့ရပါတယ်။

အတ္တလန္တာစင်မြင့်မှာ သူပျက်ကွက်ခဲ့တဲ့ ထရမ့်ရဲ့ဉာဏ်ရည်ဉာဏ်သွေးအပေါ် ထိုးနှက်မှုကိုလည်း ဘိုင်ဒင်က ဝစ္စကွန်ဆင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဂျော့ခ်ျဝါရှင်တန်ရဲ့ တော်လှန်ရေးတပ်တွေက ၁၇၇၆ ခုနှစ်မှာ ဗြိတိသျှလေဆိပ်တွေကို သိမ်းပိုက်ခဲ့တယ်လို့ ထရမ့်က မှားယွင်းပြောဆိုခဲ့တဲ့အပေါ် လူလိမ်တစ်ယောက်လို့ ဘိုင်ဒင်က မှတ်ချက်ပြုခဲ့ပါတယ်။ ထရမ့်ဟာ လိမ်လည်တဲ့နေရာမှာ တည်ငြိမ်တဲ့ ပါရမီရှင်လို့လည်း လှောင်ပြောင်ပြောဆိုခဲ့ပါတယ်။
နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ ထရမ့်ကိုအနိုင်ရအောင် သူဦးဆောင်နိုင်ပါ့မလား ဆိုတဲ့ သံသယတွေအပေါ် တုံ့ပြန်ရာမှာ ပြိုင်ပွဲမှာ ဆက်နေပြီး အနိုင်ယူမယ်လို့ ကတိပေးပါတယ်။ ဒါပေမယ့် ထပ်အနိုင်ယူဖို့ ၂၀၂၄ အစား ၂၀၂၀ လို့ မှားပြောခဲ့ပြီးမှ ဘိုင်ဒင်က အမှန်ပြင်ပြောခဲ့ရသေးတယ်လို့ သိရပါတယ်။