ဗြိတိန်နိုင်ငံ ဆော့သ်ဝေးပြည်နယ် မာသီအာမြို့က လူနေရပ်ကွက်အလယ် လမ်းစောင်းတစ်ခုမှာ ပေ ၅၀ ကျယ်တဲ့ တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာလို့ ထိတ်လန့်စရာ ဖြစ်ခဲ့ရပြီး မိသားစုဒါဇင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။ မုန်တိုင်း ဘာ့သ်ကြောင့် ဖြစ်ပေါ်လာတဲ့ မီးတောင်ဝလို တွင်းနက်ကြီးဟာ အိမ်တစ်အိမ် ရဲ့ ရှေ့တံခါးကနေ ခြေနှစ်လှမ်းအကွာလောက်မှာ ရှိနေပြီး ခြံစပ်နဲ့ ပလက်ဖောင်း အပါအဝင် လမ်းတစ်စိတ် တစ်ပိုင်းပါ ပြိုကျသွားခဲ့တာပါ။

တွင်းနဲ့ဆက်စပ်ပြီး ထပ်ပြိုကျမှာ စိုးရိမ်လို့ အဲဒီရပ်ကွက်က အိမ်ခြေ ၃၀ လောက်ကို လုံခြုံရေးအရ ရွှေ့ပြောင်းခဲ့ရ ပါတယ်။ လေတိုက်နှုန်း တစ်နာရီ ၇၅ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်စေခဲ့တဲ့ မုန်တိုင်း ဘာ့သ် ကြောင့် လမ်းအောက်က မြေသားတွေကို ကျစ်လစ်မှု လျော့ရဲစေနိုင်တယ်လို့ သိရပါတယ်။

တွင်းဟာ ပေ ၅၀ လောက်ကျယ်ပြီး ပေ ၂၀ ကျော် နက်ပုံရပေမယ့် ကံကောင်းထောက်မစွာ ထိခိုက်ဒဏ်ရာရရှိမှု သတင်းတွေတော့ မရရှိခဲ့ပါဘူး။ ရေမြောင်းတစ်ခု လုံးလုံးပြိုကျခဲ့တဲ့အတွက် ပြုပြင်မှုတွေ လုပ်ဆောင်နေပြီး ဘေးလွတ်ရာ ရှောင်နေ ရသူတွေ ဘယ်အချိန် အိမ်ပြန်ခွင့်ရမယ်ဆိုတာလည်း မသိရသေးပါဘူး။