တောင်ကိုရီးယားနိုင်ငံမှာ မိုးသည်းထန်စွာ ရွာပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားရာမှာ အနည်းဆုံး လူ(၄)ယောက် သေဆုံးခဲ့ရတယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ရေဘေးကြောင့် နေအိမ်တိုက်တာ၊ အဆောက်အအုံတွေနဲ့ လမ်းတွေလည်း ပျက်စီးမှု ရှိခဲ့ပါတယ်။ ဆိုးလ်မြို့တော် ကနေ ကီလိုမီတာ (၂၀၀)လောက်ဝေးတဲ့ ဘူယိုရွာမှာဆိုရင် ၁၉၄၅ ခုနှစ်က တည်ဆောက်ခဲ့တဲ့ မီတာ(၂၀) အရှည် ရှိတဲ့ ဂူယိုရေလှောင်တမံ ပျက်စီးမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဒေသမှာ တစ်ညတည်းတဲ့ မိုးရေချိန် ၂၃၆ မီလီမီတာ ရွာချခဲ့လို့ လူနေအိမ် ငါးလုံး ရေမြုပ်ပျက်စီးခဲ့ရပါတယ်။

နိုင်ငံအလယ်ပိုင်းမှာလည်း မိုးသည်ထန်မှုကြောင့် ကျည်ဆန်ရထား ခရီးစဉ်အချို့ကို ရပ်ဆိုင်းခဲ့ရပါတယ်။ နိုင်ငံတွင်းက ဒေသ(၅၀)ကျော်မှာလည်း မြေပြိုမှုဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ထားပြီး လူပေါင်း (၃၅၀၀)ကျော်ကိုလည်း နေရာရွှေ့ပြောင်းပေး ထားတယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။

တောင်ကိုရီးယားမှာ ဇူလိုင်လဟာ မုတ်သုန် ရာသီချိန် ဖြစ်ပေမဲ့ မကြာသေးခင်နှစ်တွေကစပြီး နွေလတွေထဲမှာတင် ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေနဲ့ ရင်ဆိုင် လာနေရပါတယ်။ ဒီအတွက် တောင်ကိုရီးယား သမ္မတ ယွန်းဆုယိုးလ်က ရာသီဥတုပြောင်းလဲမှုကြောင့် ဒီလို ဆိုးရွားတဲ့ ဥတုဖြစ်စဉ်တွေကို ကြိုတင်မျှော်မှန်းကာ ပြင်ဆင်မှုတွေ လုပ်ရမယ်လို့ နှိုးဆော်ပြောကြားထားပါတယ်။