တောင်ကိုရီးယားနိုင်ငံ လစ်သီယံဘက်ထရီစက်ရုံမှာ အလုပ်သမား(၂၃)ယောက် သေဆုံးခဲ့ရတဲ့ မီးလောင်မှုကို စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေကနေ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုကို တောင်ကိုရီးယား ယုန်ဟတ် သတင်း ဌာနက ထုတ်ပြန်လာပါတယ်။
အဲဒီဗီဒီယိုထဲမှာ လစ်သီယံ ဘက်ထရီ စက်ရုံထဲမှာ ဘက်ထရီတွေ စုပုံထားရာ နေရာကနေ ရုတ်တရက်ထွက်ပေါ်လာတဲ့ မီးခိုးတွေနဲ့အတူ မီးစလောင်ခဲ့တာကို တွေ့ရပါတယ်။
အလုပ်သမားတွေ က မီးစလောင်ချိန်မှာ ဝိုင်းဝန်းငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။
အဲဒီနောက် သိပ်မကြာခင်လေးမှာပဲ မီးဟာ တစ်ခန်းလုံးကို ကူးစက်ပြီး မီးခိုးတွေ ဖုံးလွှမ်းသွားကာ ပေါက်ကွဲသံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီစက်ရုံမီးလောင်မှုအတွင်း တရုတ်နဲ့ လာအိုနိုင်ငံသားတွေ အပါအဝင် ပြည်ပအလုပ်သမား အများစု သေဆုံးခဲ့ပြီး ဒီမီးလောင်မှုဟာ တောင်ကိုရီးယားစက်မှုဇုန်မတော်တဆမှုတွေထဲမှာ နောက်ဆုံးပေါ်ပေါက်လာတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။