အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဂေမီဟာ တရုတ်(တိုင်ပေ)အရှေ့မြောက်ပိုင်းကို ကြာသပတေးနေ့ မနက်အစော ပိုင်းက ဝင်ရောက်ခဲ့မှာ အနည်းဆုံး လူ(၂)ယောက်သေဆုံးပြီး လူရာချီ ဒဏ်ရာရခဲ့ရပါတယ်။

မုန်တိုင်းကြောင့် ကျွန်းရဲ့ စတော့စျေးကွက်တွေ ၊ စာသင်ကျောင်းတွေနဲ့ ရုံးတွေကိုလည်း ပိတ်ထားခဲ့ရပါတယ်။

တိုင်ဖွန်း ဂေမီ ကြောင့် မိုးသည်းထန်ပြီး လေပြင်းတွေ တိုက်နေကာ အန္တရာယ်ရှိတဲ့ မုန်တိုင်းဒီရေလည်း တက်နေတဲ့အတွက် တရုတ်(တိုင်ပေ)ကျွန်းပေါ်မှာ အခြေအနေတွေ ဆိုးရွားနေပါတယ်။

ကျွန်းရဲ့ ယီလန် စီရင်စုကနေ ကုန်းတွင်းကို ဝင်ချိန်မှာ တစ်နာရီကို လေတိုက်နှုန်း ၁၂၅ မိုင်ရှိနေခဲ့ပြီး အင်အားအဆင့် သတ်မှတ်ချက်(၃) ရှိတဲ့ အတ္တလန္တိတ် ဟာရီကိန်းနဲ့ ညီမျှတဲ့ တိုင်ဖွန်း မုန်တိုင်းလည်း ဖြစ်ပါတယ်။

တိုင်ဖွန်း ဂေမီဟာ တိုင်ပေ ရေလက်ကြားကို ကြာသပတေးနေ့မှာ ဖြတ်ကျော်ပြီး တရုတ်နိုင်ငံ တောင်ပိုင်း ဖူကျန်းပြည်နယ်ကို ဦးတည်ဝင်ရောက်မယ်လို့ ခန့်မှန်းရပါတယ်။