မြောက်ကိုရီးယားက သူရဲ့ အရှေ့ပိုင်း ကမ်းလွန်ဒေသထဲကို တာတိုပစ် ဒုံးကျည် ပစ်လွှတ်မှုအပေါ် ဂျပန်အစိုးရ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ကြာသပတေးနေ့ မနက်ပိုင်းမှာ ပြုလုပ်တဲ့ နေ့စဉ်ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီမာဆာ ဟာယာရှီ က မြောက်ကိုရီးယားက တာတိုပစ် တိုက်ချင်းပစ်ဒုံးကျည်နှစ်စင်းကို ပစ်ခတ်ခဲ့ရာမှာ အဲဒီဒုံးကျည်တွေဟာ ၂၁၇ မိုင်အထိ ခရီးပေါက်ခဲ့ပြီး လေထုအမြင့် (၆၂)မိုင်ကနေ ပျံသန်းခဲ့တယ်လို့ ပြောပါတယ်။
အဲဒီဒုံးကျည်တွေဟာ ဂျပန်အထူးစီးပွားရေးဇုန်အပြင်ဘက်မှာ ကျရောက်ခဲ့ပုံရပြီးတော့ ဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးမှုသတင်း မကြားသိရသေးဘူးလို့ ပြောပါတယ်။

အခုပစ် လွှတ်မှုဟာ နှစ်လကျော်အကြာ ကာလအတွင်းမှာ မြောက်ကိုရီးယားရဲ့ ပထမဆုံးပြန်လုပ်လာတဲ့ စမ်းသပ်မှုဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ ဇူလိုင်(၁)ရက်နေ့ကလည်း ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ပြီး အဲဒီဒုံးကျည်ဟာ ကြီးမားပြီး တန်ချိန် ၄ တန်ခွဲလောက်လေးတဲ့ ထိပ်ဖူးကို တင်ဆောင်နိုင်စွမ်းရှိတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။