ဥရောပသမဂ္ဂဟာ တင်သွင်းလာတဲ့ တရုတ်လုပ် လျှပ်စစ်ကား EV တွေအပေါ် ဇူလိုင်လ ၄ ရက်နေ့ကစပြီး ယာယီ စည်းကြပ်ခွန် ၃၈ ဒသမ ၁ ရာခိုင်နှုန်းအထိ ကောက်ခံဖို့ စီစဉ်ထားပါတယ်။

တရုတ် EV ထုတ်လုပ်သူတွေအတွက် တရုတ်အစိုးရက အလွန်အကျွံနဲ့ တရားမျှတမှု မရှိတဲ့ ထောက်ပံ့ကြေးတွေ ပေးအပ်ထားတာ ရှိမရှိ ဥရောပသမဂ္ဂက စုံစမ်းစစ်ဆေးနေတုန်းမှာ စည်းကြပ်ခွန် ယာယီကောက်ခံသွားမှာပါ။ ကုန်သွယ်ရေးဆွေးနွေးပွဲသစ် ကျင်းပဖို့တော့ နှစ်ဖက်စလုံးက သဘောတူထားပါတယ်။
တရုတ်အစိုးရကတော့ EV တွေအပေါ် အီးယူရဲ့ ပဏာမ အကောက်ခွန် ကို ဖြတ်တောက်ဖို့ လိုလားကြောင်း တရုတ်အစိုးရထိန်းချုပ်ထားတဲ့ Global Times သတင်းဌာနက ဖော်ပြခဲ့ပါ တယ်။ တရုတ်နိုင်ငံက စည်းကြပ်ခွန်တွေကို ဖျက်သိမ်းဖို့ အီးယူထံ အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး ညှိနှိုင်းဖို့ ဆန္ဒရှိ ကြောင်း ဖော်ပြခဲ့ပါတယ်။

ထရမ့်အစိုးရလက်ထက်ကတည်းက တရုတ်ကုန်ပစ္စည်းတွေအပေါ် စည်းကြပ်မှုဒဏ်ကို ခံနေရဆဲဖြစ်တာမို့ နောက်ထပ် အကောက်ခွန်စစ်ပွဲတစ်ခု မဆင်နွှဲလိုတဲ့ ဘေဂျင်းဟာ တရုတ်ကုမ္ပဏီတွေကို ကာကွယ်ဖို့အတွက် အားလုံး လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံရဲ့ EV စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဟာ နည်းပညာ၊ ဈေးကွက်နဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေမှာ အားသာချက်တွေကြောင့်သာ ဖြစ်တယ်လို့ တရုတ်က ပြောဆိုထားပါတယ်။