တရုတ်နိုင်ငံအရှေ့ပိုင်းက အသက်မွေးပညာကောလိပ်တစ်ခုမှာ ကျောင်းသားဟောင်း တစ်ယောက်က ဓားနဲ့ လိုက် ထိုးလို့ လူ(၈)ယောက်သေပြီး (၁၇)ယောက် ဒဏ်ရာရခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။

ဓားထိုးမှုဟာ ၀ူရှီမြို့ ယီရှင်း အနုပညာနဲ့ နည်းပညာကောလိပ်မှာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဓားထိုးမှု ကျူးလွန်ခဲ့သူ အသက် (၂၁)နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
၀ူရှီမြို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အဲဒီဓားထိုးမှု တရားခံဟာ ကောလိပ်ကျောင်းစာမေးပွဲ ကျရှုံးလို့ ဘွဲ့မရတာနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ် စိတ်ဆိုးကာ အခုလို မည်းမည်းမြင်ရာ ရန်မူတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

တနင်္ဂနွေနေ့က အဲဒီကျောင်းမှာ ကျောင်းသားတွေ ထွက်ခွာလာခဲ့တာကို ရိုက်တာရဲ့ မျက်မြင်သက်သေတွေက တွေ့ရှိခဲ့ပြီး အမည်မဖော်လိုတဲ့ ကျောင်းသားတစ်ယောက်ကတော့ စာသင်ချိန်တွေ ပုံမှန်အတိုင်း ဆက်လုပ်နေတယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ကလည်း တရုတ်နိုင်ငံတောင်ပိုင်း ကျူဟိုင်းမြို့မှာ အသက် (၆၁) နှစ်အရွယ် အမျိုးသားတစ်ယောက်က အားကစားရုံထဲကို ကားနဲ့ အတင်း ဝင်တိုက်ခဲ့တာကြောင့် တနင်္လာနေ့က ရရှိထားတဲ့ စာရင်းအရ လူ(၃၅)ယောက် သေဆုံးပြီး (၄၃)ယောက် ဒဏ်ရာရထားပါတယ်။

အဲဒီဖြစ်စဉ်နှစ်ခုစလုံးမှာ သံသယ တရားခံတွေဟာ စီးပွားရေးနစ်နာဆုံးရှုံးမှုတွေ ကြုံတွေ့ရပြီးတဲ့နောက် ဘာမှမသက်ဆိုင်တဲ့ အနီးအနားက လမ်းသွားလမ်းလာတွေ၊ ရပ်နေသူတွေကို အသက်သေဆုံးစေတဲ့အထိ အကြမ်းဖက် တိုက်ခိုက်ခဲ့တာကို တရုတ် အာဏပိုင်တွေက ထုတ်ပြန်တဲ့ ဗီဒီယိုတွေမှာ တွေ့မြင်ရတယ်လို့ CNN က ပြောပါတယ်။
အဲဒီဖြစ်စဉ်တွေ ပေါ်ပေါက်ပြီးတဲ့နောက် တင်းတင်းကျပ်ကျပ် ဆင်ဆာဖြတ်တောက် ထိန်းချုပ်ထားတဲ့ တရုတ်ပြည်တွင်း အွန်လိုင်း လူမှုကွန်ရက်တွေမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြောဆိုဆွေးနွေးမှုတွေ များပြားခဲ့ပါတယ်။ တရုတ်နိုင်ငံ တစ်ဝန်းမှာ အခုနှစ်တွင်း လူထုကြား သတင်းကြီးခဲ့တဲ့ ဓားထိုးတိုက်ခိုက်မှု အနည်းဆုံး (၆)ခု ဖြစ်ပွားခဲ့ပါတယ်။