စူပါတိုင်ဖွန်းမုန်တိုင်း ယာဂီ ချဉ်းကပ်လာနေတဲ့အတွက် တရုတ်ဟောင်ကောင်မှာ ကြာသပတေးနေ့က ဒေသခံ တွေဟာ သဲအိတ်တွေ ပြင်ဆင်နေပြီး ပြတင်းပေါက်မှန်တွေကိုလည်း တိပ်တွေကပ်လို့ ပြင်ဆင်နေကြပါတယ်။
အရင်တိုင်ဖွန်းတွေ ဝင်တုန်းက ရေကြီးရေလျှံမှုတွေဖြစ်တဲ့နေရာ လိတ်ယွဲ့မွန်းမှာလည်း ဒေသခံတွေက ပြင်ဆင်မှု တွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။

၂၀၁၈ ခုနှစ် တိုင်ဖွန်း မန်ခွတ် ဝင်တိုက်တုန်းက ရေကြီးမှု ဆိုးဆိုးဝါးဝါး ကြုံခဲ့ရတဲ့ စားသောက်ဆိုင်တစ်ဆိုင်ဖြစ်တဲ့ နန်းလုန်း ကဖေးဆိုင်ဟာလည်း အခု လာတော့မဲ့ စူပါတိုင်းဖွန်းအတွက် ပြင်ဆင်မှုတွေ အသေအချာ စီမံနေပါတယ်။
တရုတ်ဟောင်ကောင်နဲ့တကွ တရုတ်ပြည်တောင်ပိုင်းကို ဝင်ရောက်ဖို့ ချဉ်းကပ်လာနေတဲ့ တိုင်ဖွန်း ယာဂီဟာ မုန်တိုင်း ဗဟိုချက်နေရာမှာ တစ်နာရီကို လေတိုက်နှုန်း မိုင်(၁၃၀) ရှိနေပြီး ၂၀၂၄ ခုနှစ်အတွက် ဟာရီကိန်း ဘဲရင်းလ် ပြီးရင် ကမ္ဘာ့ ဒုတိယ အားအကောင်းဆုံး အပူပိုင်းမုန်တိုင်းအဖြစ် စာရင်းဝင်သွားပါတယ်။