အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီဟာ တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ အစည်းအဝေးအတွင်း တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု ပြန်လည်စတင်ဖို့ ဇူလိုင် ၂၈ ရက်က ကတိပြုလိုက်ပါတယ်။

မယ်လိုနီရဲ့ ပထမဆုံး တရားဝင် တရုတ်ခရီးစဉ်အတွင်း ၃ နှစ်တာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အီတလီသတင်းဌာန ANSA က ဖော်ပြခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့အထင်ကရ ရပ်ဝန်းနဲ့လမ်းမ အခြေခံ အဆောက်အအုံရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကနေ မနှစ်က အီတလီနုတ်ထွက်ပြီးနောက် ရောမဟာ ပေကျင်းနဲ့ ကုန်သွယ်ရေး ဆက်ဆံမှု မြှင့်တင်ဖို့ ကြိုးပမ်းနေပါတယ်။

သူမရဲ့ ငါးရက်ကြာခရီးစဉ်ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်မှု ပြန်လည်စတင်ရေး အဆင့်သစ်တစ်ခု စတင်ဖို့ ဆန္ဒကို သရုပ်ပြတာဖြစ်သလို လုပ်ဆောင်ချက် အစီအစဉ် ဟာ ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်တွေနဲ့ စမ်းသပ်ဖို့ ရည်ရွယ်တယ်လို့ မယ်လိုနီက ပြောဆိုခဲ့ပါတယ်။

အီတလီရဲ့ အားနည်းတဲ့ စီးပွားရေးတိုးတက်မှု ကြီးထွားလာစေဖို့ တရုတ်ရဲ့ရင်းနှီးမြုပ်နှံမှု တွန်းအားပေးခြင်းကို နည်းလမ်း တစ်ခုအဖြစ် ရှုမြင်တဲ့ မယ်လိုနီဟာ သမ္မတရှီကျင့်ဖျင်နဲ့ တရုတ် ထိပ်တန်း ဥပဒေပြုအမတ် ဂျောင် လီဂျီတို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်မှာ အီတလီဟာ ကြီးမားတဲ့ရပ်ဝန်းနဲ့လမ်းမ အစီအစဉ်မှာ ပူးပေါင်းပါဝင်တဲ့ တစ်ခုတည်းသော ဂျီဆဲဗင်း နိုင်ငံဖြစ်လာခဲ့ပေမယ့် အရင်နှစ်က နုတ်ထွက်ခဲ့ပါတယ်။