တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေတပ်)နဲ့ စင်ကာပူနိုင်ငံ ရေတပ်တို့ နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့် မှု စတင်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် CCTV ရုပ်သံက စက်တင်ဘာ ၂ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

စက်တင် ဘာ ၁ ရက်က စတင်ခဲ့တဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ စက်တင်ဘာ ၅ ရက်အထိ ကြာမြင့်မယ်လို့ စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

စစ်ရေးလေ့ကျင့်မှုပွဲ ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံ ပြည်နယ် ဇန်ကျန်းမြို့က ရေတပ်စခန်းတစ်ခုမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တာဖြစ်ပြီး အခမ်းအနားကို CCTV ရုပ်သံက ပြသခဲ့ပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပူးတွဲရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေအပြင် လက်နက်အသုံးပြုမှု လက်တွေ့လေ့ကျင့်ခန်းလည်း ပါဝင်တယ်လို့ သိရပါတယ်။

အခုလို ရေကြောင်း စစ်ရေးလေ့ ကျင့်မှုကို တရုတ်နဲ့ စင်ကာပူတို့ တတိယအကြိမ်မြောက် ပြုလုပ်တာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်း အေဂျင်စီက ဖော်ပြခဲ့ပါတယ်။