မလေးရှားနိုင်ငံဟာ အခုနှစ်အတွင်း ပြည်ပခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်ဖို့အတွက် တရုတ်ပြည်မကြီးက လူငယ်ခရီးသွားတွေကို အဓိကထား ဆွဲဆောင်သွားဖို့ ရှိနေပါတယ်။ တရုတ်ခရီးသွားတွေဟာ မလေးရှားရဲ့ ပြည်ပ ခရီးသွားကဏ္ဍရဲ့ အဓိက ရင်းမြစ်အဖြစ် တည်ရှိနေတာကြောင့် အခုလို ပိုမိုအာရုံစိုက် ဆွဲဆောင်ဖို့ ဆောင်ရွက်လာ နေတာပါ။

၂၀၂၄ ခုနှစ်အတွင်း တရုတ်ခရီးသွား (၅)သန်းလောက် ပြည်တွင်းကို လာရောက်လည်ပတ်ဖို့ လျာထား လုပ်ဆောင်ခဲ့ပေမဲ့ မပြည့်မီခဲ့တဲ့နောက်မှာ တရုတ်လူငယ်ခရီးသွားတွေကို အာရုံစိုက် ဆွဲဆောင်ဖို့ လုပ်ဆောင်လာ နေတာလည်း ဖြစ်ပါတယ်။ အဲဒီလို မပြည့်မီခဲ့ပေမဲ့လည်း ၂၀၂၄ ခုနှစ်အတွင်းက တရုတ်ခရီးသွားဝင်ရောက်မှုဟာ အရင်တစ်နှစ်ကထက် (၁၆၀)ရာခိုင်နှုန်းလောက် တိုးတက်များပြားခဲ့တာကို တွေ့ရပါတယ်။ မလေးရှားနိုင်ငံဟာ ၂၀၂၄ ခုနှစ်က အောက်တိုဘာလအထိ တရုတ်ခရီးသွား (၄)သန်းကျော်ကို လက်ခံကြိုဆိုခဲ့ရပြီး (၂၀၂၃) ခုနှစ်တုန်း ကတော့ (၁ ဒသမ ၄) သန်းလောက်ပဲ ရှိခဲ့တာပါ။

မလေးရှားနိုင်ငံဟာ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ အားထုတ်မှုအနေနဲ့ တရုတ်နိုင်ငံသားတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ(၁)ရက်ကနေ (၂၀၂၆) ခုနှစ် နှစ်ကုန်အထိ ရက် (၃၀) ဗီဇာမဲ့ လည်ပတ်ခွင့် ပြုထားပါတယ်။ မာလကာ လို ပြည်နယ်တွေရဲ့ တရုတ်ခရီးသွားတွေကို ဆွဲဆောင်ရေး အားထုတ်မှုတွေ အောင်မြင်မှု ရခဲ့တဲ့နောက် မလေးရှားနဲ့ တရုတ်နိုင်ငံတို့အကြားမှာ တိုက်ရိုက်လေကြောင်းခရီးစဉ် ပျံသန်းမှု စင်းလုံးငှားလေယာဉ်ခရီးစဉ်ပျံသန်းမှုတွေလည်း တိုးတက်လာခဲ့ပါတယ်။